မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်အုပ်စုက ရေကြောင်းကနေ စစ်ကြောင်းထိုးနေ

မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်အုပ်စုက ရေကြောင်းကနေ စစ်ကြောင်းထိုးနေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်တွေက ရေကြောင်းကနေစစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတဲ့အတွက် ဒေသခံ ၁ ထောင်လောက် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၅၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၂၀ ရက်ဒီနေ့မနက်၂ နာရီလောက်က မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းကနေ ရှပ်ပြေးမော်တော်သုံးစီး၊ သံဂွန်အစိမ်းရောင်တစီးနဲ့  သုံးဆယ်ပေကျေးရွာကို ဝင်ရောက်လာခဲ့ပါတယ်။ 

အဲ့ဒီနောက် မနက် ၆ နာရီလောက်မှာ သုံးဆယ်ပေကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားအချို့ကိုခေါ်ပြီး စစ်ကြောင်းပြန်ထွက်လာချိန် ဒေါင်းကျွန်းကျေးရွာအနီး တောတိုက်ထဲက ဒေသခံနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။  

ဒါ့အပြင် ဒေါင်းကျွန်းကျေးရွာအရှေ့ဘက်ရှိ ကျွဲခြံကုန်းမှာ အထိုင်ချနေတဲ့ စစ်အုပ်စုကလည်း လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်တွေကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

"အိမ်ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာ မသိရသေးဘူး။ မနက် ၆ နာရီကျော်လောက်မှာ ဒေါင်းကျွန်းရွာရဲ့အရှေ့ဘက်ထဲက ကျွဲခြံကုန်းမှာတပ်စွဲထားတဲ့တပ်ကနေပြီး လက်နက်ကြီးနဲ့ပစ်တာ။ ဒေါင်းကျွန်းက နွားခြံပေါ်ကျပြီး နွားတွေတော်တော်ထိတယ် "လို့ မတ္တရာမြို့နယ်အနောက်ခြမ်းက ဒေသခံတဦးကပြောပါတယ်။

ဒေါင်းကျွန်းတောင်ရွာနဲ့ မြောက်ရွာက ဒေသခံ ၄၀၀ ကျော်အပြင် မြစ်ကြောင်းဘေးတလျောက် ကျေးရွာတွေက ဒေသခံ ၁ ထောင်ကျော် ကြိုတင်ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒီစစ်ကြောင်းဟာ ဒေါင်းကျွန်းကျေးရွာထဲကို ဝင်မွှေမယ့်အနေအထားရှိတယ်လို့ သိရပါတယ်။ 

အလားတူ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာလည်း စစ်ကောင်စီက အင်အားထပ်တိုး တပ်စွဲတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10