မတ္တရာမြို့နယ်အနောက်ခြမ်းကို လေကြောင်းကနေ ဗုံးသီး ၈၀ ကျော်ကြဲချလို့ အမျိုးသမီး ၃ ဦး ဒဏ်ရာရ

မတ္တရာမြို့နယ်အနောက်ခြမ်းကို လေကြောင်းကနေ ဗုံးသီး ၈၀ ကျော်ကြဲချလို့ အမျိုးသမီး ၃ ဦး ဒဏ်ရာရ

မတ္တရာမြို့နယ်အနောက်ခြမ်း၊ ရှင်လှကျေးရွာကို ဩဂုတ် ၆ ရက် မနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့  အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီက သိရပါတယ်။

စစ်ကောင်စီလေတပ်သုံး Y 12 သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်ကနေ ယမန်နေ့ နေ့လယ် ၃ နာရီဝန်းကျင်မှာ စတင်ကြဲချခဲ့ပြီး ဗုံးသီး ၈၃ လုံးကို နာရီဝက်ခန့်အကြာ လှည့်ပတ်ကြဲချသွားတာလို့ ဆိုပါတယ်။

"ဘာတိုက်ပွဲမှ မရှိတော့ အကုန်ရွာထဲအေးအေးချမ်းချမ်းနေနေကြတာ။ ထပ်ဝဲပြီး သေချာကိုကြည့်ပြီး ပစ်ချသွားတာ။ အရိပ်မြင်ရာ အကုန်ပစ်တဲ့သဘောပဲ" လို့ မတ္တရာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရှင်လှကျေးရွာက အသက် ၇၀ အရွယ်အမျိုးသမီးကြီး ၁ ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၂၀ ကျော်အရွယ်အမျိုးသမီး ၁ ဦး တို့ ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

မတ္တရာနယ်အတွင်း စစ်တပ်ရဲ့လေကြောင်းထပ်မံတိုက်ခိုက်လာမှာကို စိုးရိမ်ပြီး ဒေသခံအများအပြား ကျေးရွာထဲကနေ ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်ကို စစ်တပ်ကနေ့စဥ်နီးပါး လက်နက်ကြီး၊ လေယာဥ်တွေနဲ့ပစ်ခတ်တာတွေပြုလုပ်နေပြီး သြဂုတ် ၄ ရက်ညပိုင်းမှာလည်း မတ္တရာမြို့အတွင်းအထိုင်ချထားတဲ့စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာနဲ့ပစ်ခတ်ခဲ့လို့ စိန်ပန်းကုန်းရွာက အသက် ၄၈ နှစ်အရွယ် အမျိုးသမီးသေဆုံးခဲ့ပြီး အသက် ၂၆ နှစ် အရွယ် သားဖြစ်သူနဲ့ တူဖြစ်သူတို့ ထိဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သတင်း - N ၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်တပ် #လေကြောင်းတိုက်ခိုက်မှု #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10