မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်

မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းက ကင်းရွာကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ပေါင်းစုတွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၄ ရက် မနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ကင်းရွာဘုန်းကြီးကျောင်းနဲ့ ရွာအနီးက တောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၃ နာရီ ၄၅ မိနစ်လောက်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ကြပ်ပြင်ကျေးရွာနဲ့ ကင်းရွာအနီးကို လာရောက်ဗုံးကြဲသွားတာလို့ သိရပါတယ်။ 

အဲ့ဒီနောက် နိုဝင်ဘာ ၁၅ ရက် ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ကင်းရွာ၊ ကျောက်ဆည်လေးကျေးရွာနဲ့ ဇီးဖြူပင်ကျေးရွာတို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သလို ရဟတ်ယာဥ်ပေါ်ကနေ စက်လတ်တွ နဲ့ပါ ပစ်ခတ်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။ တိုက်ခိုက်မှုတွေအတွင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

"ကျနော်တို့ဘက်က အထိအခိုက်မရှိပါဘူး။ မြို့တွေကိုကာဖို့ စစ်တပ်က အသည်းအသန်လုပ်နေတာပါ"လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

ကင်းရွာဟာ မန္တလေးမြို့အထွက် ရွှေကျင်ဂိတ်နဲ့ မိုင်၂၀ လောက်ပဲဝေးတဲ့ရွာတရွာ ဖြစ်ပါတယ်။ 

မတ္တရာမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေမှာ မှော်ဘီအခြေစိုက် ခလရ ၉၁၊ ရဲနဲ့ ပျူစောထီးတွေအပါအဝင် အင်အား ၆၀၀ လောက်နဲ့ တပ်စွဲနေကြပြီး အချိန်မရွေးတိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေလည်း နေရာရွှေ့ပြောင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွဆီက သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #ဗုံးကြဲ #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10