မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၃၀,၀၀၀ ကျော် စစ်ရှောင်နေရ

မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၃၀,၀၀၀ ကျော် စစ်ရှောင်နေရ

မတ္တရာမြို့နယ်အရှေ့ခြမ်းက ကင်းရွာမှာ မနေ့က ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၃၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကင်းရွာရဲ့ အရှေ့ဘက်ကတောင်ပေါ်နဲ့ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက် မနေ့က တနေကုန် တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ကင်းရွာ၊ ကျောက်ဆည်လေး၊ စခန်းသာ၊ သဖန်းကိုင်း၊ ကျွန်းပင်၊ ကြပ်ပြင်၊ လက်ဝဲကြီး၊ ကျောက်တံတား၊ ရွာသာယာ၊ ရွာကြီးကုန်း၊ မကျီးကုန်း၊ လမိုင်းအပါအဝင် ကျေးရွာ ၁၅ ရွာခန့်က ဒေသခံတွေ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

"လူဦးရေကများတော့ အနီးနားကျေးရွာတွေကနေ အလှူခံပြီး စားစရာသောက်စရာရော နွားစာကအစ စီစဥ်ပေးထားရပါတယ်။ စားနပ်ရိက္ခာအကူအညီတော့ လိုအပ်နေပါတယ်" လို့ စစ်ရှောင်တွေကိုကူညီနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း စစ်ရှောင်နေတဲ့ပြည်သူတွေကို ကူညီရွှေ့ပြောင်းပေးတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ် အရှေ့ခြမ်းကိုလည်း ၁၀၂၇ စစ်ဆင်ရေးအဖြစ် TNLA၊ MDY PDF မတ္တရာမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေစုပေါင်း နိုဝင်ဘာ ၁၄ ရက်က ကင်းရွာကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်ကအများအပြားကျဆုံးခဲ့ပြီး လက်နက် ၄ လက်ရရှိခဲ့တယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ကလည်း ကျေးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ တပတ် အတွင်းမှာ အရပ်သားပြည်သူ ၁၉ ဦးကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မတ္တရာ #ကင်းရွာ #စစ်ဘေးရှောင်  #TNLA  #MDY #စစ်ကောင်စီ #တိုက်ပွဲ #၁၀၂၇စစ်ဆင်ရေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10