မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာက လက်ဖက်ရည်ဆိုင်ကို စစ်တပ်ဝင်ပစ်လို့ ပြည်သူ ၁၃ ဦးသေဆုံး

မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာက လက်ဖက်ရည်ဆိုင်ကို စစ်တပ်ဝင်ပစ်လို့ ပြည်သူ ၁၃ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က အောင်ကန်သာကျေးရွာကို ဒီနေ့မနက်ပိုင်းမှာ စစ်ကားရောက်လာပြီး ရုတ်တရက် လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဆီက သိရပါတယ်။ 

နိုဝင်ဘာလ ၁၆ ရက် ဒီနေ့မနက် ၆ နာရီလောက်က မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာမှာ တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မတ္တရာ၊ လေကြောင်းကာကွယ်ရေးတပ် (အင်ကြင်းမြိုင်တပ်)ဘက်ကနေပြီး စစ်အင်အား ၈၀ လောက်က စစ်ကူလာတဲ့အချိန် လမ်းမှာရှိတဲ့ အောင်ကန်သာကျေးရွာက လက်ဖက်ရည်ဆိုင်ကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အောင်ကန်သာကျေးရွာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ပတ်လည်အင်းကျေးရွာဟာ ၁ မိုင်ခွဲခန့်ဝေးတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ ဆိုင်ရှင် ၂ ဦး၊ လက်ဖက်ရည်ထိုင်နေသူ ပြည်သူ ၉ ဦး၊ ဆိုင်ကယ်နဲ့ အသွားအလာ လုပ်နေတဲ့ ပြည်သူတဦးနဲ့ ပတ်လည်အင်းရွာအရောက်မှာ စနိုက်ဘာနဲ့ပစ်ခံရလို့ ၁ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့တာလို့ မတ္တရာမြို့နယ် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

"အဲဒီလက်ဖက်ရည်ဆိုင်ဘေးမှာ စကစတွေရှိနေသေးလို့ သင်္ဂြိုဟ်ဖို့ကို အလောင်းမကောက်ရသေးဘူး" လို့ သူက ဆက်ပြောပါတယ်။

ပတ်လည်အင်းကျေးရွာတိုက်ပွဲက မနက် ၆ နာရီကနေ ၆ နာရီ ၄၅ မိနစ်လောက်အထိ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးပြီး သေနတ် ၃ လက် ရရှိခဲ့တယ်လို့ သိရပါတယ်။  

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က စစ်ကူအင်အားထပ်တိုးကာ ကျေးရွာထဲက လူနေအိမ် ၁၀ လုံး ထပ်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #အောင်ကန်သာကျေးရွာ #လက်ဖက်ရည်ဆိုင် #မတ္တရာပကဖ #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10