မတ္တရာမြို့နယ် ၁ ခုလုံးကို စစ်တပ်ကထိုးစစ်ဆင်ဖို့ကြိုးစားနေ

မတ္တရာမြို့နယ် ၁ ခုလုံးကို စစ်တပ်ကထိုးစစ်ဆင်ဖို့ကြိုးစားနေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တနယ်လုံးကိုစစ်တပ်ကနယ်မြေရယူဖို့ စစ်အင်အားတွေတိုးကာ ထိုးစစ်ဆင်တာတွေပြုလုပ်နေပြီး တိုက်ပွဲတွေနေ့စဥ်နီးပါးဖြစ်နေသလို ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

MDY-PDF ကသိမ်းယူထားတဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းက ဖယောင်းတောင် ပတ်ဝန်းကျင်မှာလည်း စစ်တပ်က ခြေလျင်တပ်၊ လေကြောင်းနဲ့ပါ ပူးပေါင်းထိုးစစ်ဆင်တာတွေပြုလုပ်နေပြီး ၂ ရက် ဆက်တိုက်တိုက်ပွဲသံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင်ဖယောင်းတောင်အနီး၊အယ်ဖာဘိလပ်မြေစက်ရုံပတ်လည်နဲ့ကျောက်တံတားကျေးရွာတွေအနီးကိုလည်း မကြာခဏ လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

"စစ်ကားတွေလည်းတောက်လျှောက်သွားတယ်။ တပ်မ ၃၃ တောင်ခြေဘက်က တပ်တွေကနေလည်း ထွက်တယ်။ ဒီဘက်တော့ရိုးနေပြီ။ အသံတွေကမထူးဆန်းတော့ဘူး"လို့ ဒေသခံအမျိုးသမီး ၁ ဦးက ပြောပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်း၊ ဝန်စုကျေးရွာအနီးမှာလည်း စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်  တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာ ၁ ပတ်နည်းပါးရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ချိန် ဓာတုဗုံးအသုံးပြုခဲ့သလို လေကြောင်းတိုက်ခိုက်ချိန်မှာလည်း ဓာတုဗုံးအသုံးပြုခဲ့တဲ့အတွက် PDF ရဲဘော်နဲ့ ပြည်သူ စုစုပေါင်း ၁၀ ဦးခန့် အဆိပ်သင့်တာတွေဖြစ်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၁ ရက်ညနေ ၄ နာရီကျော်မှာ မတ္တရာမြို့အနောက်ခြမ်းက မြွေတလိုင်းရွာဆိပ်ကမ်းကို Mi 35 နဲ့ပစ်ခတ်ရာ ကမ်းကပ်နေတဲ့ အောင်သစ္စာသံခွန် ၁ စီးကိုထိမှန်ပြီး လိုက်ပါစီးနင်းနေတဲ့ အသက် ၂၈ နှစ်အရွယ် မိခင်နဲ့ ၁ နှစ်အရွယ်သားဖြစ်သူတို့ သေဆုံးခဲ့ပါသေးတယ်။ 

လက်ရှိမှာလည်း မြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်နေသလို တိုက်ပွဲနဲ့ဝေးရာ မတ္တရာမြို့နယ် အနောက်ခြမ်းကကျေးရွာတွေကိုလည်း နေ့တိုင်းလေကြောင်းတိုက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ပစ်ခတ်သံတွေက နေ့တိုင်းနီးနီးနားနားကကြားနေရတာ။ လေယာဥ်တွေဆိုတာလည်း တခါလာဝဲ ၂ စီး။ ခေါင်းပေါ်မှာ အကြာကြီးဝဲပြီးမှ ပစ်တာ။ ဗုံးကျဲလိုက်၊ စက်သေနတ်နဲ့ပစ်လိုက်ပဲ "လို့ မတ္တရာမြို့နယ် အနောက်ခြမ်းမှ ဒေသခံ ၁ ဦးကပြောပါတယ်။

အောက်တိုဘာလဆန်းကတည်းက စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်ပြီး စစ်အင်အား အများအပြားလည်း မန္တလေးမြို့ဘက်ကနေ ပို့ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့ကိုထွက်တဲ့ကားလမ်းအနီးနေထိုင်သူ ဒေသခံ ၁ ဦးက "၉၅ တပ်ရင်းကနေရော၊ နန်းတွင်းထဲကနေရော စစ်ကားတွေထွက်တယ်။ ၁ ရက်ကို ၂ စီးလောက်ထွက်တယ်။ ပြန်ဝင်တဲ့ကားတွေမှာလူသိပ်မပါဘူး။ တခါတလေ မန္တလေးမြို့အနောက်ဘက်ကနေ မြစ်ကမ်းဘေးကျေးရွာတွေဘက်ကိုလည်းသွားတာတွေ့ရတယ်"လို့ ဆိုပါတယ်။

ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံကိုမေးကြည့်ရာမှာတော့ တိုက်ပွဲတချို့ဖြစ်ပွားနေတာမှန်ပေမယ့် တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ဖြေကြားခွင့်မရှိသေးဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၁၁ ရက်ကနေ ၂၄ ရက်ဒီနေ့အထိ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာနဲ့ပြည်သူ ၁၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းအများအပြား ရှိခဲ့ပါတယ်။ 

ပုံစာ - မတ္တရာနယ်အတွင်း စစ်ကြောင်းထိုးဖို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သံချပ်ကာယာဉ်များ။ (ပုံဟောင်း)

 

#မြေလတ်အသံ

#မတ္တရာ #စစ်ကောင်စီ #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10