မတ္တရာမြို့နယ်သံဃနာယကအဖွဲ့ အတွင်းရေးမှူးဆရာတော်အပါအဝင် ဘုန်းကြီး ၂ ပါးဖမ်းဆီးခံရ

မတ္တရာမြို့နယ်သံဃနာယကအဖွဲ့ အတွင်းရေးမှူးဆရာတော်အပါအဝင် ဘုန်းကြီး ၂ ပါးဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သံဃနာယကအတွင်းရေးမှူးဆရာတော်အပါအဝင် ဘုန်းကြီး ၂ ပါးကို နိုဝင်ဘာ ၁၂ ရက် မနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေမှာ မတ္တရာမြို့နယ်သံဃနာယက အတွင်းရေးမှူးဆရာတော်ဖြစ်သူ ထန်းပင်ကုန်းရွာကျောင်းထိုင်ဆရာတော် သက်တော် ၆၉ နှစ်ရှိ ဥူးဝါယမနဲ့ ကျောက်တံတားရွာ ရေနားဘုန်းကြီးကျောင်းမှ ဥူးခေမာတို့ဖြစ်ပြီး ထန်းပင်ကုန်းဘုန်းကြီးကျောင်းကို လာရောက်ဖမ်းဆီးသွားတာလို့သိရပါတယ်။

" ဆရာတော်တွေက ဘုန်းကြီးကားနဲ့ ကြားရွာကျောင်းထိုင်ဆရာတော်ရဲ့စျာပနသွားဖို့အထွက် ကျောင်းပေါက်ဝအရောက်မှာ စစ်တပ်ကလည်း ကားတွေနဲ့ရောက်လာပြီး ဖမ်းသွားတယ်။ စစ်ကြောင်းထိုးပြီးတွေ့တဲ့လူ ဖမ်းတဲ့ပုံမျိုးမဟုတ်ဘဲ ဘုန်းကြီးတွေကို သက်သက်လာဖမ်းတဲ့ပုံမျိုး "လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုဒေါင်းလမ်းက ပြောပါတယ်။

လာရောက်ဖမ်းဆီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆရာတော်တွေစီးတဲ့ ဘုန်းကြီးကားကိုပါယူဆောင်သွားပြီး ဘုန်းကြီးတွေကို ဘာကြောင့်စစ်တပ်ကဖမ်းဆီးသွားတယ်ဆိုတာတော့ မသိရဘူးလို့ ဒေသခံတွေကလည်း ဆိုပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်ကစစ်ကြောင်း၂ကြောင်းနဲ့ ကျေးရွာတွေမှာဖြန့်ပြီး တပ်စွဲထားသလို ဒေသခံတွေကိုလည်း မကြာခဏဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်ကလည်း မန္တလေးနန်းတွင်းထဲကနေ ကားသုံးစီးနဲ့ရောက်လာပြီး ကြက်ပြင်ကျေးရွာရဲ့အနောက်ဘက်တောတိုက်မှာနေတဲ့ အမျိုးသမီးတဦးကိုလည်းစစ်တပ်က ဖမ်းဆီးသွားပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မန္တလေး #မတ္တရာ #သံဃနာယက #အတွင်းရေးမှူး #ဆရာတော် #ဖမ်းဆီးခံရ #စစ်ကောင်စီတပ် #ဖမ်းဆီးမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10