မတ္တရာမြို့ပေါ်စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မတ္တရာမြို့ပေါ်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့တာကြောင့် မြို့နယ်အနောက်ခြမ်းက အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖသတင်းတာဝန်ခံဆီက သိရပါတယ်။

အောက်တိုဘာ ၁၄ ရက် ညနေ ၃ နာရီခွဲလောက်မှာ မတ္တရာမြို့ပေါ်ကနေ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အောက်တောင်ကိုင်းကျေးရွာက နေအိမ်ပေါ်ကျပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

"၈၁ မမလို့ ယူဆရတဲ့ လက်နက်ကြီး ၃ ချက်ပစ်တယ်။ ၂ လုံးက ရွာထဲကို ကျတယ်။ ၁ လုံးက ရွာပြင်ကို ကျတယ်။ ပြည်သူအမျိုးသမီး ၁ ဦး ဒဏ်ရာရပါတယ်"လို့ ပြင်ဦးလွင်ခရိုင် ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတူးကြဖို့နဲ့ လက်နက်ကြီးသံနားစွင့်နေကြဖို့ကိုလည်း ပြင်ဦးလွင်ခရိုင်ပကဖက တိုက်တွန်းထားပါတယ်။

အောက်တိုဘာ ၁၄ ရက် မနေ့က မတ္တရာမြို့နယ်အနောက်ခြမ်းက တုံကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

ဒီနေ့လည်း မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အသေးစိတ်အခြေအနေကိုတော့ ဖြေကြားလို့မရဘူးလို့ မတ္တရာမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာလည်း MDY-PDF နဲ့ စစ်ကောင်စီတပ်တွေ ကျောက်တံတားကျေးရွာအနီးမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး အောက်တိုဘာလ ၁၃ ရက်မှာ သေဆုံးခဲ့တဲ့စစ်သားအလောင်းပုံတွေကို MDY-PDF ကထုတ်ပြန်ထားပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မတ္တရာ #စစ်တပ် #လက်နက်ကြီး #ပစ်ခတ် #ထိခိုက်ဒဏ်ရာရ #အမျိုးသမီး #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10