မတ္တရာမှာ တိုက်ခိုက်ခံရတဲ့စစ်အုပ်စု ထိခိုက်မှုများလို့ လူနာတင်ကားတွေနဲ့ပြန်သယ်နေရ

မတ္တရာမှာ တိုက်ခိုက်ခံရတဲ့စစ်အုပ်စု ထိခိုက်မှုများလို့ လူနာတင်ကားတွေနဲ့ပြန်သယ်နေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်မှုများခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။ 

ဒီစစ်ကြောင်းကို ဒီဇင်ဘာ ၂၀ ရက်မနေ့ကနေ့လယ် ၁ နာရီလောက်မှာ ရွှေဘောင်ကျေးရွာ ဆိပ်ကမ်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

မနေ့ကမနက် ၂ နာရီလောက်မှာ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကတဆင့် စစ်ကြောင်းထိုးဝင်လာတဲ့ အဆိုပါစစ်ကြောင်းဟာ မတ္တရာအနောက်ခြမ်းရှိကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုး မွှေနောက်ပြီး တပ်ပြန်ဆုတ်လာချိန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။

"တိုက်ပွဲမှာ စကစဘက်က အထိနာခဲ့တယ်။ အဲ့ဒီနောက် မန္တလေးဆိပ်ကမ်းကို သူတို့ပြန်စုန်သွားတယ်။ ဆိပ်ကမ်းကနေ မြို့ထဲကို အရေးပေါ်ကား ၁၁ စီးနဲ့သယ်သွားတယ်လို့ ကျနော်တို့ သတင်းရထားပါတယ်"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးနေချိန် ဒေါင်းကျွန်း၊ ရွှေဘိုးကြီးနဲ့ ရွှေဖောင်ရွာက နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ မနေ့ကစစ်ကြောင်းထိုးနေချိန်အတွင်းမှာပဲ မတ္တရာမြို့ဘက်ကနေပြီး ကားနှစ်စီးနဲ့ စစ်ကောင်စီတပ်တချို့က တောပုကျေးရွာဘက်ကိုရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စိန်ပန်းကုန်းကျေးရွာထဲကိုကျပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

အဲဒီစစ်ကြောင်းကတော့ ပစ်ခတ်ပြီးနောက် မတ္တရာမြို့ထဲကို ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလက မတ္တရာမြို့နယ်အနောက်ခြမ်းရှိ စစ်ကောင်စီတပ်စွဲထားတဲ့ သုံးဆယ်ပေကျေးရွာကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

ပုံစာ - ရွှေဖောင်ရွာနဲ့ ရွှေဘိုးကြီးရွာကို စစ်ကောင်စီမီးရှို့နေစဉ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #ထိခိုက်မှုများ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10