မတ္တရာမှာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ ကြည်းကြောင်းနဲ့ ပူးပေါင်းတိုက်နေ

မတ္တရာမှာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ ကြည်းကြောင်းနဲ့ ပူးပေါင်းတိုက်နေ

တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာက လက်ရှိမှာ မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ မန္တလေး-မိုးကုတ်ကားလမ်း အနီးဝန်းကျင်တွေမှာ ဇွန် ၂၅ ဒီနေ့မနက်မိုးလင်းကတည်းကစတင်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းတဲ့အနေနဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကားအစီးရေ  ၂၀ လောက် အထိ မန္တလေးမြို့ဘက်ကနေထွက်လာပြီး အင်အားဖြည့်တင်းတာတွေပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

မတ္တရာမြို့နယ်မှာရှိတဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ကို ဒီနေ့ မနက် ၄ နာရီလောက်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဘက်က အင်အားထောင်နဲ့ ချီကာ မတ္တရာမြို့နယ်အရှေ့ပိုင်းကို ထပ်တိုးအင်အားတွေ ပို့ဆောင်နေတာဖြစ်ပါတယ်။ 

ဒါ့အပြင် တံတားဦးလေတပ်ကနေလည်း အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်အနီးမှာ လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားခဲ့သေးတယ်လို့ တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

"ဒီနေ့နေ့လယ် ၁၂ နာရီကျော်မှာလည်း နောက်ထပ် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်သွားတယ်။ တိုက်ပွဲလည်း မငြိမ်သေးဘူး။ မြို့ပေါ်လည်း စစ်တပ်က လှုပ်နေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မနက်မိုးလင်းကတည်းက တိုက်ပွဲ ပြင်းထန်နေပြီး မတ္တရာမြို့နယ်ထဲက ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ မတ္တရာ-မန္တလေးကားလမ်းပေါ်ကနေတဆင့် မတ္တရာမြို့နယ် အရှေ့ခြမ်းကို တပ်ကူသွားဖို့ ကြိုးစားနေတာကြောင့် အဲဒီဝန်းကျင်နေရာတွေမှာ ၃ နေရာထက်မနည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့သိရပါတယ်။

အဲဒီကားလမ်းတွေပေါ်မှာလည်း စစ်ကားတွေ မိုင်းဆွဲခံရတာတွေရှိနေပြီး မတ္တရာမြို့အဝင်အထွက်တွေကိုလည်း စစ်တပ်က ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

တိုက်ပွဲအသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအခြေအနေကြောင့် ထုတ်ပြန်လို့ မရသေးဘူးလို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မတ္တရာမြို့ပေါ်က စာသင်ကျောင်းတွေမှာလည်း ကျောင်းသားတွေ ပြန်လွှတ်နေပြီး မြို့ကိုအုပ်စိုးနိုင်ဖို့ စစ်တပ်က အနီးဝန်းကျင်က တပ်တွေစုပြီး ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေပြီး စစ်အင်အားဖြည့်တင်းနိုင်ဖို့ ကြိုးစားနေသလို တော်လှန်ရေးတပ်တွေဘက်ကလည်း တပ်ကူအင်အားဖြတ်တောက်တာတွေပြုလုပ်နေပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။

ပုံစာ - မတ္တရာမြို့နယ်အတွင်း တွေ့ရသည့် စစ်ကောင်စီ မော်တော်ယာဉ်တစီး။ (ပုံဟောင်း)

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မတ္တရာ #တိုက်ပွဲ #လေကြောင်းတိုက်ခိုက် #သတင်း #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10