မတ္တရာမှာ တိုက်ပွဲဖြစ်၊ တော်လှန်ရေးရဲဘော်တဦးကျဆုံးပြီး ထုတ်လုပ်ရေးစခန်းစီးနင်းခံရ

မတ္တရာမှာ တိုက်ပွဲဖြစ်၊ တော်လှန်ရေးရဲဘော်တဦးကျဆုံးပြီး ထုတ်လုပ်ရေးစခန်းစီးနင်းခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်တဦးကျဆုံးကာ ယာယီထုတ်လုပ်ရေးစခန်းတခု စီးနင်းခံခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနက် ၆ နာရီလောက်မှာ ရေနံ့သာကျေးရွာဘက်ကနေ စစ်တပ်နဲ့ ပျူစောထီးတပ်တွေပါဝင်တဲ့ အင်အား ၇၀ လောက်ဟာ မှော်နီကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးကာ မှော်နီကုန်းကျေးရွာက နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မနက် ၉ နာရီခွဲလောက်မှာ မှော်နီကုန်းကျေးရွာနဲ့ အင်းတံခါးကျေးရွာကြားထဲမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးနားက တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ယာယီထုတ်လုပ်ရေးစခန်းတခုကို စစ်ကောင်စီတပ်က စီးနင်းခဲ့တယ်လို့ သိရပါတယ်။

"ရဲဘော်တဦးကျတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်ကလည်း အကျအဆုံးများတယ်လို့ သိရတယ်။ စာရင်းတော့ မသိရဘူး"လို့ မတ္တရာအရှေ့ခြမ်းက ဒေသခံတဦးက ပြောပါတယ်။

စီးနင်းခံခဲ့ရတဲ့စခန်းနဲ့ ရဲဘော်ဟာ ဘယ်တပ်ဖွဲ့ကလဲဆိုတာကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက မထုတ်ပြန်သေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ပြည်သူ့စစ်(ပျူစောထီး)သင်တန်း စတင်ပေးနေပြီဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်လာပြီးတဲ့နောက်ပိုင်း အခုတိုက်ပွဲဟာ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ပထမဆုံးပွဲဦး ထွက်ဖြစ်တယ်လို့ စစ်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာ ဓာတ်ပုံနဲ့အတူ ထုတ်ပြန်လာပြီးနောက် ယခုတိုက်ပွဲဟာ မတ္တရာမြို့နယ်အတွင်းက ပထမဆုံးပွဲဦးထွက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့ #စစ်ကောင်စီ #တော်လှန်ရေးရဲဘော် #တိုက်ပွဲ #ထုတ်လုပ်ရေးစခန်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10