မတ္တရာမှာ လေယာဉ်နဲ့ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံး၊ ကလေးငယ် ၂ ဦးအပါ ၅ ဦး ဒဏ်ရာရ

မတ္တရာမှာ လေယာဉ်နဲ့ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံး၊ ကလေးငယ် ၂ ဦးအပါ ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရုံးပင်ရွာနားကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦးအပါ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၇ ရက် ဒီကနေ့ မနက် ၁၀ နာရီခွဲမှာ စစ်ကောင်စီလေတပ်သုံး A 5 အမျိုးအစား ဗုံးကြဲလေယာဉ်နဲ့ လာရောက်ကြဲချခဲ့တာဖြစ်ပြီး ရုံးပင်ကျေးရွာအတွင်း နေအိမ် ၂လုံးကြားကို ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သားတွေထိခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ သေဆုံးသူအမျိုးသမီးက သဖန်းကိုင်းကျေးရွာကနေ နီးစပ်ရာအမျိုးတွေဆီ လာတိမ်းရှောင်တာပါ။ အမျိုးသမီးက ရေချိုးနေချိန် တခါတည်း သေဆုံးပါတယ်။ သူမရဲ့သားက ဘယ်ဘက်ခြေသလုံးနဲ့ ဘယ်ဘက်မျက်လုံးထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ရပါတယ်” လို့ မတ္တရာမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံ ဘိုတောက် က ပြောပါတယ်။

လေကြောင်းကြဲခံရလို့ သဖန်းကိုင်းကျေးရွာကနေ ရုံးပင်ရွာမှာ လာရောက်စစ်ရှောင်နေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီး သေဆုံးပြီး သားဖြစ်သူ အသက် ၅ နှစ်အရွယ် ကလေးငယ်ကတော့ ဘယ်ဘက်ခြေသလုံး ပဲ့ထွက်ဒဏ်ရာ၊ ဘယ်ဘက်မျက်လုံး ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗုံးကြဲခံရမှုအတွင်း ရုံးပင်ရွာက ၁၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ၂၀နှစ်အရွယ် အမျိုးသား ၁ ဦး၊  ၃၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ သမီးဖြစ်သူ ၈ နှစ်အရွယ်ကလေး ၁ ဦးတို့ ဗုံးစထိမှန် ဒဏ်ရာရခဲ့ကာ ၁၆နှစ်အရွယ် အမျိုးသမီးကလည်း အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

၁၀၂၇ တကျော့ပြန် စစ်ဆင်ရေးစတင်ပြီးနောက် မန္တလေးတိုင်းထဲက မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏဆိုသလို လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ အကြိမ် ၂၀ ခန့် ဗုံးကြဲခဲ့တာကြောင့် ရွာခံအမျိုး သမီး ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #လေကြောင်းတိုက်ခိုက်မှု #ပြည်သူ #သေဆုံး #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10