မတ္တရာမှာ ကင်းပတ်နေတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ ၆ ဦးသေဆုံးဟုဆို
မန္တလေးတိုင်း၊ မတ္တရာမြို့အဝင်က ကြံ့ခိုင်ရေးရုံးရှေ့မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးခန့် သေဆုံးခဲ့တယ်လို့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်တီက ပြောပါတယ်။
ဧပြီလ ၁၂ ရက် မနေ့ည ၉ နာရီ ၈ မိနစ်ခန့်က စစ်သား ၁၀ ဦးလောက်ကို ကြံ့ခိုင်ရေးရုံးရှေ့မှာတင် မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အခုလိုမိုင်းဆွဲခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ သင်္ကြန်ကာလ ရေမကစားစေချင်တာနဲ့ အဓိကတော့ ကန့်ဘလူ၊ ပဇီကြီးကျေးရွာမှာ ကျဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ ကလေးငယ်တွေအတွက် စိတ်မကောင်းဖြစ်လို့ မြို့ထဲအထိ ခဲရာခဲဆစ် ဝင်ပြီးလုပ်တာ” လို့ ဗိုလ်တီက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ မတ္တရာမြို့နယ် SSTF Team 5 တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ သေဆုံးသူအရေအတွက်ကို ဒေသခံပြည်သူအချို့ရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
စစ်ကောင်စီဘက်က သေဆုံးသူအရေအတွက်နဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကလည်း မတ္တရာမြို့နယ်၊ မြွေဟင်္သာရွာက နေအိမ်တွေကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့က တံတားဖြူအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ပါသေးတယ်။
ပုံစာ - မတ္တရာမြို့အ၀င် ကြံ့ခိုင်ရေးရုံးအနီးရှိ စစ်ကောင်စီဂိတ်။
စာတည်း - လင်း
#မြေလတ်အသံ
Share
Share
Share