မတ္တရာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေ၊ ၂ နှစ် အရွယ်ကလေးအပါ ၂ ဦး ဒဏ်ရာရ

မတ္တရာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေ၊ ၂ နှစ် အရွယ်ကလေးအပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စျေးဟောင်းကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ် ၂၆ ရက် မွန်းလွဲ ၁ နာရီကျော်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူမှာ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်မာရွှေ၊ ဒဏ်ရာရသူ ၂ ဦးမှာ အသက် ၂ နှစ်အရွယ် မအိဇင်ထွေး (ခြေထောက် ဒဏ်ရာရ)နဲ့ အသက် ၂၇ နှစ်အရွယ် မစိုးစန္ဒာအောင် (လက်မောင်းဒဏ်ရာရ) တို့ဖြစ်ကြပြီး စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စျေးဟောင်းရွာနဲ့ ၁မိုင်ခန့်ဝေးတဲ့ စျေးသစ်ရွာထဲကနေ ၆၀ မမ ၄ လုံးပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ဒဏ်ရာရတဲ့ ၂ နှစ်ကလေးမလေးက သေဆုံးတဲ့ အဘွားရဲ့ မြေးပါ။ နောက် ကလေးမလေးကတော့ သပ်သပ်ပေါ့။ သူတို့က လက်နက်ကြီးပစ်လို့ ထွက်ပြေးတဲ့အခါ ထိမှန်သွားကြတာ" လို့ မတ္တရာဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

အဲ့ဒီနေ့ မနက်ပိုင်းအချိန်မှာ စျေးဟောင်းကျေးရွာရဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဘိုဌေး ၆၂ နှစ်ကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာထဲကို အခုလို လက်နက်တွေနဲ့ပစ်ခတ်ခဲ့တာလို့ သူကပြောပါတယ်။

အိမ်ခြေ ၁၅၀ကျော်ရှိတဲ့စျေးဟောင်းကျေးရွာကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ရွာသူ၊ ရွာသားတွေ အကုန်လုံး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပြီး သြဂုတ် ၂၈ ရက် ဒီကနေ့အထိ ကျေးရွာထဲကို ပြန်မဝင်ရဲကြသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက်မှာလည်း မတ္တရာမြို့နယ်၊ ရေလည်ကျွန်းကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်မွှေနှောက်ခဲ့ရာ အမျိုးသမီး ၂ ဦးလက်နက်ကြီးကျည်စ ထိမှန်ကာဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ပုံစာ - လက်နက်ကြီးထိမှန်ဒဏ်ရာရသွားသည့် မစိုးစန္ဒာအောင်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #စျေးဟောင်းကျေးရွာ #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ် #သေဆုံး #ဒဏ်ရာရ #အမျိုးသမီး #ကလေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10