မတ္တရာမှာ စစ်ကောင်စီနဲ့ လုပ်ငန်းပူးပေါင်းလုပ်ကိုင်သူ ပျူစောထီးရှင်းလင်းခံရ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း - MECရဲ့ ကျောက်ထုတ်လုပ်ရေးလုပ်ငန်း နဲ့ ပူးပေါင်းလုပ်ကိုင်နေသူ အမျိုးသားတဦး ဧပြီလ ၂၅ ရက်မနေ့ကမနက် ၆ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်း ခံခဲ့ရတယ်လို့ သိရပါတယ်။
စကျင်ကျေးရွာက စကျင်ကျောက်လုပ်ငန်းလုပ်ကိုင်သူ အသက် ၃၅ နှစ်အရွယ် ကိုစိုးရာဇာကို စကျင်ရွာလမ်းပိုင်းတနေရာမှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ တောကြီးမြွေပွေး ပျောက်ကြားတပ်ဖွဲ့မှ ဗိုလ်တီက ပြောပါတယ်။
“ဒီဟာကတော့ မထင်မှတ်ပဲဖြစ်သွားတာ၊ အလုပ်ကိစ္စတခုရှိလို့ဝင်တာ၊ သူတို့နဲ့ စကျင်ရွာနားလေးမှာ ထိပ်တိုက်တွေ့တာ၊ ကျောက်လုပ်ငန်းခွင်ထဲကို သွားတာထင်တယ်၊ သူက နာမည်ကြီးပဲ၊ စိုးရာဇာနဲ့ သူတပည့် ၄ ယောက်လောက်ပါသေးတယ်၊ ကျနော်တို့က သူ့ကိုသိတယ်၊ သူ့ကို အနီးကပ်ယူပြီးပစ်လိုက်တော့ သူ့နောက်ကလူတွေကတော့ လွှတ်သွားတာရှိတယ်၊ ၁၀ ချက်လောက်ထိ ပစ်ထားခဲ့တာ၊ အဓိကတော့ ဦးခေါင်းကိုပစ်ခတ်ခဲ့တာ” လို့ ပြောပါတယ်။
စိုးရာဇာဟာ ဒေသတွင်းပျူစောထီးခေါင်းဆောင်လို့ လူသိများသူတဦးဖြစ်ပြီး၊ သူကြောင့် နေအိမ်မီးရှို့ခံရတာနဲ့ ပြည်သူအသတ်ခံရတာတွေလည်း ရှိခဲ့ကာ အဲ့ဒီအချက်အလက်တွေကို စုံစမ်းထားခဲ့ပြီး ခုလိုဆုံတဲ့အချိန်ကျမှ ရှင်းလင်းခဲ့တာလို့ ဗိုလ်တီက ဆက်ပြောပါတယ်။
“အဲဒီပျူစောထီးခေါင်းဆောင်က မတ္တရာနယ်ဘက်မှာ အနီရောင်စစ်ဆင်ရေး (ဒေသခံပြည်သူတွေကို အကြမ်းဖက်မှု၊ ခိုးမှု၊ သတ်မှု) လုပ်နေတာလည်းရှိတယ်၊ အဲလိုလုပ်တာတွေကြောင့် မတ္တရာမှာ ပြည်သူတွေအသတ်ခံရတာတွေလည်းရှိတယ်၊ သူက MEC နဲ့ပေါင်းပြီး စကျင်လုပ်ငန်းကိုကြာရှည်လုပ်နေတာ၊ ကျောက်တွေကို ပြန်ဖြန့်ပြီးရောင်းချပေးနေတာ”လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို တောကြီးမြွေပွေး ပျောက်ကြားတပ်ဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး အဖွဲ့(၅) မန္တလေးတိုင်းဒေသကြီးအခြေစိုက် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်ခဲ့တဲ့နယ်မြေက စစ်တပ်နယ်ဖြစ်တာကြောင့် အမြန်ပြန်ဆုပ်ခွာခဲ့ရတယ်လို့လည်း သိရပါတယ်။
ဧပြီလ ၂၀ ရက်ကမနက်ပိုင်းကလည်း စစ်ကိုင်းမြို့၊ ရှမ်းချက်ရပ်ကွပ် မန္တလေး-မုံရွာ-ရွှေဘို ကားလမ်းမကြီးပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တောကြီးမြွေပွေး ပျောက်ကြားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
Share
Share
Share