မတ္တရာမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ ပြည်သူ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ

မတ္တရာမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ ပြည်သူ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းကျေးရွာကို စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ ၁ ယောက်ဟာ ဆေးကုသနေစဥ် သေဆုံးသွားတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီက သိရပါတယ်။

စက်တင်ဘာ ၁၁ ရက် ညနေ ၃ နာရီလောက်မှာ မတ္တရာဘက်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အောက်တောင်ကိုင်းကျေးရွာက ဒေသခံအမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ပြောပါတယ်။

"၁၂၀ မမလို့ ယူဆရတဲ့ လက်နက်ကြီးနဲ့ ပစ်လိုက်တာ။ ရွာထဲကိုကျပြီးတော့ ဒေသခံတဦးက ခြေထောက်နဲ့ ကျော၊ တဦးကခြေထောက်၊ နောက်တဦးကတော့ ဦးခေါင်းမှန်တယ်။ ခေါင်းဒဏ်ရာရတဲ့သူကတော့ ဒဏ်ရာပြင်းထန်ပြီး သေဆုံးခဲ့ပါတယ်"လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံပို့ပေးခဲ့ပေမယ့် ဦးခေါင်းဒဏ်ရာရရှိသူဟာ ဆေးကုသနေစဥ်မှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ် အနောက်ခြမ်းကို စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်နေသလို လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေပြီး စက်တင်ဘာ ၃ ရက်ကလည်း စစ်တပ်က မြွေပုံကန်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့သေးတဲ့အတွက် အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၁ ဦးစုစုပေါင်း ပြည်သူ ၇ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

သတင်း - အမရာ၊ စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မတ္တရာ #စစ်တပ် #လက်နက်ကြီး #ပြည်သူ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10