မတ္တရာမှာ စစ်တပ်က ဖမ်းသွားတဲ့အမျိုးသမီး ပါးတခြမ်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးလျက်ပြန်တွေ့

မတ္တရာမှာ စစ်တပ်က ဖမ်းသွားတဲ့အမျိုးသမီး ပါးတခြမ်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးလျက်ပြန်တွေ့

မတ္တရာမြို့နယ်အနောက်ခြမ်းကို ဇန်နဝါရီ ၉ ရက်က စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်တပ်ဟာ အလည်ရွာကနေ အမျိုးသမီးတဦးကို ဖမ်းဆီးသွားခဲ့ရာ ၃ ရက်ကြာပြီးနောက် ပါးတခြမ်း ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးလျက်ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၉ ရက် မနက် ၆ နာရီလောက်မှာ မတ္တရာမြို့ဘက်ကထွက်လာတဲ့ စစ်ကြောင်းဟာ မတ္တရာမြို့ရဲ့ အနောက်ဘက် ၁ မိုင်ခွဲလောက်ပဲဝေးတဲ့ အလည်ရွာက အသက် ၅၀ အရွယ် ဒေါ်မူဆိုတဲ့ အမျိုးသမီးကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီအမျိုးသမီးဟာ ဖမ်းဆီးခံရပြီး ၃ ရက်အကြာ မနေ့ကညနေပိုင်းမှာ အလည်ရွာရဲ့ အနောက်ဘက်က အောက်ကင်းကျေးရွာရဲ့ ကိုင်းတောထဲမှာ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာလို့သိရပါတယ်။

"အဲဒီနေ့ကတည်းက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားတဲ့လက္ခဏာမျိုး တွေ့ရတယ်" လို့ ပြင်ဦးလွင်ခရိုင် ပကဖပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

မြေလတ်အသံက ရရှိထားတဲ့ဓာတ်ပုံတွေအရ ဒေါ်မူဟာ လက်ပြန်ကြိုးတုပ်ခံထားရပြီး ညာဘက် ပါးတခြမ်း ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်ပါတယ်။ 

အဲ့ဒီနေ့က စစ်ကြောင်းဟာ မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဆောက်ချုံပေါက်ကျေးရွာက နေအိမ် ၁၀ လုံးကျော် မီးလောင်ခဲ့ပါသေးတယ်။

မတ္တရာမြို့နယ်အတွင်းမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒေသခံတွေကို အကြောင်းမဲ့သတ်ဖြတ်တာတွေကြောင့် ယခုနှစ် ဇန်နဝါရီ ၁၀ ရက် အတွင်း အမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့သလို အသက် ၁၀ နှစ် အရွယ် ကလေးငယ်အပါအဝင် ၆ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာတွေရရှိခဲ့ပါတယ်။ နေအိမ်မီးလောင်ပျက်စီးမှု ၁၂ အိမ်အထိရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မတ္တရာမြို့ #စစ်ကြောင်း #မီးရှို့ဖျက်ဆီး #စစ်တပ် #အလည်ရွာ #ဖမ်းဆီး #အမျိုးသမီး #ပြင်ဦးလွင် #သတ်ဖြတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10