မတ္တရာမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ကလေး ၂ ဦးပါ အမျိုးသမီး ၃ ဦးသေ

မတ္တရာမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ကလေး ၂ ဦးပါ အမျိုးသမီး ၃ ဦးသေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းကျေးရွာထဲကို ဒီဇင်ဘာ ၁၃ ရက် ညပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ဆီက သိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သဖန်းကိုင်းကျေးရွာနေ အသက် ၄၀ နှစ်အရွယ် မနွယ်၊ အသက် ၁၅ နှစ်အရွယ် မနဒီလှိုင်းနဲ့ အသက် ၈ နှစ်အရွယ် မစုစုနွေးတို့သေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ် မောင်အေးမင်းသူ၊ အသက် ၂၅ နှစ်အရွယ် မောင်မြင့်နိုင်ထူး၊ အသက် ၆ နှစ်အရွယ် မထက်ပြည်စုံချစ်တို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက မတ္တရာမြို့နယ်အရှေ့ခြမ်း၊ ကျောက်တံတားရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို MDY-PDF၊ TNLAနဲ့ မတ္တရာမြို့နယ်ထဲက တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၂ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

"အထိနာသွားတဲ့ စကစတွေက ၁၂ ရက်နေ့ ညတည်းက လက်နက်ကြီးနဲ့ ရမ်းထုနေတာ။ ၁၂ ရက်နေ့ ညက ထုတဲ့လက်နက်ကြီးကတော့ သဖန်းကိုင်းရွာရဲ့ မြောက်ဘက်ကိုကျတယ်။ ပြည်သူအထိအခိုက်မရှိခဲ့ဘူး။" လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့စစ်ရေးတာဝန်ခံ ကိုဒေါင်းလမ်းက ပြောပါတယ်။

စစ်တပ်က ဘယ်နေရာကနေ လက်နက်ကြီးနဲ့ပစ်လဲဆိုတာတော့ အတိအကျမသိရဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာကို ထပ်မံအင်အားတိုးထားပြီး မန္တလေးဝင်တဲ့ကားတွေကိုလည်း အတင်းအကျပ်စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်ကလည်း မတ္တရာမြို့နယ်အရှေ့ခြမ်း၊ ရှုခင်းသာကျေးရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆိပ်သာကျေးရွာကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #သဖန်းကိုင်းကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီး #အမျိုးသမီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10