မတ္တရာမှာ ဖမ်းဆီးခံအမျိုးသား ၄ ဦးထဲက ၁ ဦးရဲ့အလောင်းကို ပြန်တွေ့

မတ္တရာမှာ ဖမ်းဆီးခံအမျိုးသား ၄ ဦးထဲက ၁ ဦးရဲ့အလောင်းကို ပြန်တွေ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာကနေ စစ်ကောင်စီတပ်တွေဖမ်းဆီးသွားခဲ့တဲ့ အမျိုးသား ၄ ဦးထဲက ၁ ဦးရဲ့ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၇ ရက်မနေ့ကမနက် ၉ နာရီဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီရုပ်အလောင်းကိုတော့ ပိုဝမြောက်ရွာရဲ့ အရှေ့ဘက်တံတားအနီးက တောစပ်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ဒေသခံတွေက တွေ့ရှိခဲ့တာလို့ နွေဦးတော်လှန်ရေး - မတ္တရာမှ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

"အလောင်းတွေ့ခဲ့ရတဲ့ဒေသခံက စိန်ပန်းကုန်းရွာအနောက်ဘက် မြေနုကျွန်းမှာ တောင်သူလုပ်နေတဲ့ စစ်ကိုင်းတိုင်းဘက် မင်းရွာတောင်ကလို့ သိရပါတယ်။ တယောက်ထဲ တွေ့သေးတာပါ။ နောက်တယောက်ကို ရှာဖွေနေပါတယ်။ အလောင်းက တော်တော်စုတ်ပြတ်နေပြီ။ ခေါင်းလည်းပြားနေတယ်"လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၄ ရက်မှာ စစ်ကောင်စီတပ်တွေက စိန်ပန်းကုန်းကျေးရွာကို မီးရှို့ခဲ့ပြီး အဲ့ဒီကျေးရွာတွေဘက်မှာ လာရောက်စစ်ရှောင်ရင်း တောင်ယာလုပ်နေတဲ့ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားကာ အဲဒီထဲက ၁ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင်ကျန်တဲ့ဖမ်းဆီးခံ ၃ ဦးထဲက ၂ ဦးမှာတော့ မတ္တရာမြို့ရဲစခန်းမှာ ချုပ်နှောင်ခံထားရပြီး ကျန် ၁ ဦးကိုတော့ ဒီဇင်ဘာလ ၂၈ ရက်ဒီကနေ့မနက်အထိ ရှာမတွေ့သေးဘူးလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

"မီးရှို့တဲ့နေ့က လေးယောက်ဖမ်းခံရတာ။ အဲဒီလေးယောက်မှာ နှစ်ယောက်ကတော့ ရဲစခန်းကို ရောက်နေတယ်လို့ သိရတယ်။ တယောက်ကတော့ အလောင်းတွေ့တယ်။ ကျန်တယောက်ကတော့ အခုထိရှာမတွေ့သေးဘူး။ သူတို့လေးယောက်စလုံးရဲ့ နာမည်တွေကိုတော့ သိရအောင် စုံစမ်းနေပါတယ်"လို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ မီးရှို့တာကို ခံလိုက်ရတဲ့ စိန်ပန်းကုန်းကျေးရွာမှာ အိမ်ခြေ ၁၅၀ ကျော်ရှိပြီး၊ အဲဒီထဲက နေအိမ် ၁၂ လုံး ပြာကျပျက်စီးသွားခဲ့ရသလို ကျေးရွာသူ၊သားတွေအနေနဲ့လည်း အခုအချိန်ထိ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10