မတ္တရာမှာ လေကြောင်းတိုက်ခိုက်လို့ ၁ နှစ်အရွယ်ကလေးအပါ သားမိ ၂ ဦးသေဆုံး

မတ္တရာမှာ လေကြောင်းတိုက်ခိုက်လို့ ၁ နှစ်အရွယ်ကလေးအပါ သားမိ ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းတလျှောက်ကို အောက်တိုဘာ ၂၁ ရက်ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် သားမိ ၂ ဦးသေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ်စစ်ရေးတာဝန်ခံက ပြောပါတယ်။

Mi-35 ရဟတ်ယာဥ် ၁ စီးနဲ့ မြွေတလိုင်းကျေးရွာဆိပ်ကမ်းကို ၁၀ ကြိမ်ခန့်ပစ်ခတ်ခဲ့ရာ ကမ်းကပ်နေတဲ့ အောင်သစ္စာသံခွန် ၁ စီးကိုထိမှန်ပြီး လိုက်ပါစီးနင်းနေတဲ့ အသက် ၂၈ နှစ်အရွယ် မိခင်နဲ့ ၁ နှစ်အရွယ်သားဖြစ်သူတို့ သေဆုံးခဲ့တာပါ။ 

“နှစ်ယောက်က သံခွန်ပေါ်မှာပဲ ပွဲချင်းပြီးသေသွားတာ။ နောက်ထပ် ခရီးသည် ၂ ယောက်လည်း ဒဏ်ရာပြင်းထန်တယ်။ သေဆုံး၊ဒဏ်ရာရသွားတဲ့သူတွေက ဘယ်ရွာကဆိုတာမသိရသေးဘူး”လို့ မတ္တရာမြို့နယ်စစ်ရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ အောင်သစ္စာသံခွန်မှာ မတ္တရာမြို့နယ်၊ မြွေတလိုင်းရွာဆိပ်ကမ်းကနေ မန္တလေးမြို့ အထိ ခရီးသည်တွေနဲ့ကုန်ပစ္စည်းတွေ ပြေးဆွဲတင်ဆောင်နေတဲ့ရေယာဥ် ၁ စီးဖြစ်တယ်လို့ ဆိုပါတယ်။

“ပုစဥ်းနဲ့ပစ်တဲ့အချိန်မှာ သံခွန်က ရှိန်းမကားကနေ မြွေတလိုင်းဆိပ်ကိုလာရောက် ကမ်းကပ်နေတဲ့အခါမှာ အပစ်ခံလိုက်ရတာ။ သံခွန်လည်း မြုပ်သွားတယ်လို့သိရတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် ည ၆ နာရီကျော်အချိန်မှာလည်း ဂျက်ဖိုက်တာ လေယာဥ် ၂ စင်းနဲ့ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး ပတ်ဝန်းကျင်းကို ဝဲပျံပြီး ဗုံး ၁ လုံးကြဲချခဲ့ပေမယ့် ထိခိုက်မှုတစုံတရာ မရှိခဲ့ဘူးလို့ ဒေသခံကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်က မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၃ ပါးအပါအဝင် စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူ ၃၀ ကျော်ဒဏ်ရာရခဲ့ပါသေးတယ်။ 

မတ္တရာမြို့အနောက်ဘက်ကို စစ်ကောင်စီက နယ်မြေစိုးမိုးမှုရဖို့ ခြေလျင်စစ်ကြောင်းတွေအပြင်  လေကြောင်းတိုက်ခိုက်တာတွေလည်း မကြာခဏပြုလုပ်နေတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

ပုံစာ - ဇူလိုင် ၂၆ ရက် ခမ်းပါတ်မြို့တိုက်ပွဲအတွင်း လေကြောင်းပစ်ကူပေးနေသည့် စစ်ကောင်စီလေတပ်သုံး Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်။

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10