မတ္တရာလေကြောင်းတိုက်ခိုက်မှု MDYPDF ၃၀ ကျော်သေတယ်ဆိုတဲ့ သတင်းမှား (Fact Check)

မတ္တရာလေကြောင်းတိုက်ခိုက်မှု MDYPDF ၃၀ ကျော်သေတယ်ဆိုတဲ့ သတင်းမှား (Fact Check)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - MDYPDF တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းအမှား တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

“Breaking News-မတ္တရာပဒက်ကင်ရပြီ ဒီနေ့MDY PDFတော ပဒက်၃၀ကျော် သေ၊ ၃၀ကျော် ဆန့်တငင်ငင်ဖြစ်နေ” (မူရင်းရေးသားချက်အတိုင်း) ဟုဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၃၁,၀၀၀ ကျော်ရှိ နေပြည်တော် တယ်လီဂရန်ချန်နယ် မှ အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၃ ရက် ဒီကနေ့ နေ့လယ်ပိုင်းအထိ ကြည့်ရှုသူ ၂,၁၈၀၀ ကျော် Reaction ၁၅၁ ခုနဲ့ မှတ်ချက် ၃၈ ခု ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အထက်ပါအကြောင်းအရာကိုပဲ အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီ ၅၃ မိနစ်မှာ Subscribers ၂၅,၀၀၀ ကျော်ရှိတဲ့ Truth Media တယ်လီဂရန်ချန်နယ်၊ ညနေ ၄ နာရီ ၅၇ မိနစ် Subscribers ၆၇,၀၀၀ ကျော်ရှိတဲ့ Snow Queen တယ်လီဂရန်ချန်နယ်တို့က မူရင်းတင်တဲ့ နေပြည်တော် တယ်လီဂရန်ချန်နယ်နဲ့ အချိန်မိနစ်ပိုင်းသာခြားပြီး ထပ်ဆင့်မျှဝေဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။

သတင်းမှားဖော်ပြမှုမူရင်းနဲ့ ထပ်ဆင့်ဖော်ပြမှုတွေကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

နေပြည်တော် တယ်လီဂရန်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/t9uzr

Truth Media တယ်လီဂရန်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/OzvVk

Snow Queen တယ်လီဂရန်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/peUAk

အဆိုပါအကြောင်းအရာ တယ်လီဂရန်လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာအချက်အလက်မှားယွင်းနေပြီး သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■ 

လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် နေ့လယ် ၁၂ နာရီခန့်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာမှာရှိတဲ့ အောင်မင်္ဂလာသုခဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၂ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြကြပါတယ်။

လွပ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ် -

မတ္တရာမြို့နယ်ရှိ ဘုန်းကြီးကျောင်းဗုံးကြဲခံရမှု သံဃာ ၃ ပါးအပါ ၁၂ ဦး သေဆုံးကြောင်း The Irrawaddy - Burmese Edition မှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

လူ ၁ဒါဇင်သေဆုံးသည့် လေကြောင်းတိုက်ခိုက်မှုအပြီး မတ္တရာဝန်းကျင်၌ စစ်‌ကောင်စီတိုက်လေယာဉ်အချို့ ထပ်မံပျံဝဲ၊ ဒေသခံများထိတ်လန့်နေကြောင်း Mizzima - News in Burmese မှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်ဦးစီးအဖွဲ့ကလည်း မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာမှ စစ်ရှောင်စခန်းကို စစ်ကောင်စီက အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့လို့ သံဃာတော်တွေနဲ့ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၁၂ ဦးခန့် သေဆုံးခဲ့ပြီး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူ များစွာရှိခဲ့ကြောင်း ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှာပဲ သတင်းထုတ်ပြန်တားပါတယ်။ သတင်းထုတ်ပြန်ချက် - ထုတ်ပြန်ချက်ကြည့်ရန်

ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သူတွေရဲ့မှတ်တမ်းဓာတ်ပုံဖော်ပြချက်တွေမှာလည်း  အဆိုပါဘုန်းကြီးကျောင်းမှ သံဃာ ၃ ပါး၊ ဒေသခံတွေဖြစ်တဲ့ ၁၀ နှစ်အရွယ်ကလေးငယ်နဲ့ သက်ကြီးပိုင်းအမျိုးသား၊ အမျိုးသမီးတွေရဲ့ ရုပ်အလောင်းတွေနဲ့ ဘုန်းကြီးကျောင်းဝန်းပျက်စီးမှု အခြေအနေတွေကိုသာ တွေ့ရှိရပါတယ်။

ဒါကြောင့် မတ္တရာမှာ MDY PDF မှ PDF ၃၀ ကျော်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားတခုသာ ဖြစ်ပါတယ်။

 

■ သတင်းအမှားဖြန့်ဝေနေတဲ့အကောင့်များအား စိစစ်ချက် ■ 

သတင်းအမှားဖြန့်ဝေနေတဲ့ နေပြည်တော်တယ်လီဂရန်ချန်နယ်ကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေးအမုန်းစကားတွေနဲ့သတင်းမှားတွေကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားဝါဒဖြန့်နေတဲ့ ချန်နယ်တခုဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ ဒါ့အပြင် အဆိုပါသတင်းအမှားကို ထပ်ဆင့်မျှဝေထားတဲ့ Truth Media ကို Kyaw Kyaw Min ဆိုတဲ့အမည်နဲ့ တယ်လီဂရန်အသုံးပြုသူက သတင်းတုတွေတင်ဆက်နေတာကို တွေ့ရှိရသလို Snow Queen ၊ နေပြည်တော်နဲ့ Truth Media တို့ဟာ အပြန်အလှန်သတင်းတွေမျှဝေတာ၊ သတင်းအကြောင်းအရာတခုတည်းကို အချိန်ကွာခြားချက်မရှိဘဲ တပြိုင်တည်းဖြန့်ဝေလေ့ရှိတာတွေကိုလည်း တွေ့ရှိရပါတယ်။

နေပြည်တော် တယ်လီဂရန်ချန်နယ် - https://archive.ph/utDy2

Truth Media တယ်လီဂရန်ချန်နယ် - https://archive.ph/Cqoqs

Snow Queen တယ်လီဂရန်ချန်နယ် - https://archive.ph/XQIyo

နေပြည်တော်၊ Truth Media နဲ့ Snow Queen တယ်လီဂရန်ချန်နယ်တွေဟာ သတင်းအမှားတွေနဲ့ အမုန်းစကားတွေကို အစဉ်တစိုက်ဖြန့်ဝေနေတာဖြစ်ပြီး ၎င်းချန်နယ်တွေ ယခင်ကဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲက အချက်အလက်စစ်ဆေးတဲ့ သတင်းဌာနတွေရဲ့ စိစစ်ဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

နေပြည်တော် တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - ကြည့်ရှုရန်

Truth Media တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - ကြည့်ရှုရန်ကြည့်ရှုရန်

Snow Queen တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - ကြည့်ရှုရန်

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ စစ်ကောင်စီတပ်ရဲ့အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက် အရပ်သားသေဆုံးမှုတွေကို စစ်ရေးပစ်မှတ် PDF တွေဖြစ်ကြောင်း သတင်းတု၊သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိလုပ်ကြံဖန်တီးကာ ဖြန့်ဝေလေ့ရှိပါတယ်။

အခုဖြစ်စဉ်မှာဆိုရင်လည်း စစ်ကောင်စီတပ်က စစ်ရေးနဲ့သက်ဆိုင်ခြင်းမရှိတဲ့ သာသနိကအဆောက်အအုံကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကလေးငယ်၊ သံဃာတော်တွေအပါအဝင် အရပ်သားအများအပြားသေဆုံးခဲ့တဲ့အပေါ် ဖုံးကွယ်နိုင်ဖို့အတွက် သေဆုံးသူတွေမှာ အရပ်သားတွေမဟုတ်ဘဲ စစ်ရေးပစ်မှတ် PDF တွေလို့ လုပ်ကြံဖန်တီးထားတာဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကို ကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #မတ္တရာ #ဝေါစုရွာ #လေကြောင်းတိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10