မတ္တရာအနောက်ခြမ်းကို စစ်ကြောင်း ၃ ခုတပြိုင်တည်းဝင်ပြီး နေအိမ်အချို့ကိုမီးရှို့ခဲ့

မတ္တရာအနောက်ခြမ်းကို စစ်ကြောင်း ၃ ခုတပြိုင်တည်းဝင်ပြီး နေအိမ်အချို့ကိုမီးရှို့ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီဘက်က စစ်ကြောင်း ၃ခု တပြိုင်တည်းထိုးပြီး နေအိမ်တချို့ကို မီးရှို့တဲ့အပြင်‌ ဒေသခံပစ္စည်းတွေကိုလည်း ယူသွားကြတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီက သိရပါတယ်။

မတ်လ ၂၆ ရက် ဒီမနက် ၅ နာရီကျော်ကစတင်ပြီး သီလကုန်းကျေးရွာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား‌တွေက အင်အား ၇၀ လောက်နဲ့ အောက်တောင်ကိုင်းကျေးရွာကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

အဲဒီနောက်မနက် ၉ နာရီလောက်မှာ အောက်တောင်ကိုင်းရွာအနီးရှိ ရွာတော်ကြီးကျေးရွာကို ဝင်ရောက်ခဲ့ပြီး ဒေသခံအမျိုးသမီးတွေကို ဖမ်းဆီးခဲ့ကာ သူတို့ဆီက ရွှေ၊ ပိုက်ဆံနဲ့ ဖုန်းတွေကိုယူပြီးနောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖသတင်းတာဝန်ခံက ပြောပါတယ်။ 

"အမျိုးသမီးတွေကို ထိုင်ခိုင်းပြီး အဲဒီအမျိုးသမီးတွေဆီက ရွှေ၊ငွေနဲ့ ဖုန်းတွေယူသွားတယ်လို့ သိရတယ်။ အရေအတွက်အတိအကျတော့ မသိရဘူး"လို့ သတင်းတာဝန်ခံက ပြောပါတယ်။

အလားတူ မနက်၅နာရီကျော်လောက်မှာပဲ ငယ်တိုးကျေးရွာနဲ့ ရွှေချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ခု ပူးကာ အင်အား ၆၀ လောက်နဲ့ ဆောက်ချုံပေါက်ကျေးရွာကို ဝင်ရောက်ပြီး အိမ် ၅ လုံးနဲ့ ပဲမှော်စင် ၄ လုံး စုစုပေါင်း ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် မနက် ၉ နာရီလောက်မှာ ပူးပေါင်းစစ်ကြောင်းက ဟင်္သာကုန်းကျေးရွာကို ပစ်ခတ်ဝင်ရောက်ကာ နေအိမ်တွေကိုမွှေနှောက် ရှာဖွေတာတွေလုပ်ပြီး မနက် ၉ နာရီကျော်မှာ တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းတွေ တပ်ပြန်ဆုတ်သွားတဲ့အတွက် တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်နေတယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖသတင်းတာဝန်ခံက ပြောပါတယ်။ 

မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်ကဘာကြောင့် အခုလို စစ်ကြောင်းတွေ တပြိုင်နက်ထိုးရသလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရသေးဘူးလို့ ခရိုင်သတင်းတာဝန်ခံကပြောပါတယ်။

စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးခဲ့တဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ လက်ရှိမှာ ကျေးရွာအတွင်းပြန်လည်ဝင်ရောက်နေကြပြီလို့ သိရပါတယ်။ 

မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက မကြာခဏ စစ်ကြောင်းထိုးမီးရှို့တာတွေ ပြုလုပ်လေ့ရှိပြီး မတ်လ ၁၈ ရက်ကလည်း ရွေးရွာ က လူမှုကူညီရေးအသင်းအဆောက်အဦကို မီးရှို့ကာ မိန်းကလေးငယ်တဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာမြို့နယ် #စစ်ကောင်စီ #စစ်ကြောင်းထိုး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10