မတ္တရာ၊ ညောင်အုပ်ကျေးရွာက ဒေသခံနှစ်ဦးထပ်မံ အသတ်ခံရ

မတ္တရာ၊ ညောင်အုပ်ကျေးရွာက ဒေသခံနှစ်ဦးထပ်မံ အသတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာကို တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဟာ ရွာအရှေ့ပိုင်းက ဒေသခံ ၂ ယောက်ကို ထပ်သတ်ထားပြီး စုစုပေါင်းဒေသခံ ၃ ဦးအသတ်ခံထားရတယ်လို့ အမျိုးသားညီညွှတ် ရေးအစိုးရ၊ မတ္တရာမြို့နယ်၊ ပြည်ထဲရေးဝန်ကြီးဌာနကနေ သိရတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက် ညနေ ၅ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက ညောင်အုပ်ကျေးရွာထဲကို သေနတ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

"ဒီနေ့​(ဇူလိုင် ၂၆) မနက်ရတဲ့သတင်းအရတော့ စစ်တပ်က ရွာထဲမှာ အပိုင်းသုံးပိုင်းခွဲပြီး နေရာသုံးခုမှာ တပ်စွဲထားတယ်။ ရွာအရှေ့ပိုင်းမှာ လူနှစ်ယောက်ထပ်သတ်ခံထားရတယ်လို့ သတင်းရတယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၏ ပြည်ထဲရေးဌာန ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့မှ အမည်မဖော်လိုတဲ့ မြို့နယ်ရဲမှူးက ပြောပါတယ်။

ကျေးရွာဒေသခံတွေက ရွာအနီးကို ပြန်ကပ်လို့မရသေးတာကြောင့် သေဆုံးသူတွေရဲ့ အချက်အလက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

ဇူလိုင်လ ၂၄ ရက်ကပဲ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာကိုတပ်စွဲခဲ့တဲ့ စစ်အုပ်စုကလည်း ဒီနေ့မနက်မှာ မတ္တရာမြို့နယ် အနောက်ခြမ်း၊ ဟင်္သာရွာသစ်ဘက်ကို ထွက်ခွာသွားပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဘက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကို လုံခြုံရေးယူထားပေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံတွေက တိမ်းရှောင်နေပြီး အဲဒီအထဲက မပြေးနိုင်လိုက်တဲ့ ဒေသခံနှစ်ဦးကတော့ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၄ ရက်က စတင်ပစ်ခတ်ဝင်ရောက်စဥ်မှာ ရေလုပ်ငန်းလုပ်ကိုင်တဲ့ တံငါသည် သားအဖနှစ်ဦးကို ပစ်သတ်ခဲ့တဲ့အတွက် ဖခင်ဖြစ်သူ ဦးသန်းလင်း နေရာမှာတင်သေဆုံးခဲ့ပြီး အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူ မအိဇာလင်း သေနတ်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ်ရေလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးရွှေပြုံးဆိုသူကိုလည်း သေနတ်နဲ့ပစ်တာကြောင့် ဦးရွှေပြုံးက ရေထဲခုန်ချပြီး ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

"မနေ့သတင်းမှာ သေတယ်ဆိုတဲ့ဦးရွှေပြုံးက ရေထဲခုန်ချပြီး ပြန်လွတ်လာပါပြီ။ သူက မသေဆုံးပါဘူး" လို့ ရဲမှူးက ပြောပါတယ်။

ပုံစာ - ညောင်အုပ်ရွာအပါအဝင် အနီးအနားကျေးရွာက စစ်ဘေးရှောင်ပြည်သူများ

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #ညောင်အုပ်ကျေးရွာ #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10