မတ္တရာ-မိုးကုတ်ကားလမ်းပေါ်မှာ ပျူစောထီးကားတိုက်ခိုက်ခံရ

မတ္တရာ-မိုးကုတ်ကားလမ်းပေါ်မှာ ပျူစောထီးကားတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာအနီး မတ္တရာ-မိုးကုတ်ကားလမ်းပေါ်မှာ အောက်တိုဘာ ၂ ရက် မနေ့ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေပါတဲ့ကားတစီး တိုက်ခိုက်ခံရပြီး သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာက ပျူစောထီးခေါင်းဆောင် မောင်နိုင်၊ အဖွဲ့ဝင် ဦးဟူစိန်နဲ့ Non CDM ကျောင်းဆရာမတဦးပါတဲ့ကားဟာ စဉ့်ကူးမြို့ဘက်ကိုလာစဥ် တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။ 

"နှစ်ဖက် အပြန်အလှန်ပစ်ကြတာ။ တော်တော်ကြာတယ်။ ခဏနေတော့ စစ်တပ်က စစ်ကူတွေရောက်လာပြီး နာရေးကားတွေလည်းရောက်လာတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီပစ်ခတ်မှုကို Singu Guerrillas Force-SGF မှ ခွဲမှူး KS ဦးဆောင်တဲ့ တပ်ဖွဲ့နဲ့ စဉ့်ကူး ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပျူစောထီးတွေဆီကနေ လက်လုပ် ၁ လက်၊ ကာဘိုင်ကျည်ဘောက် ၁ ဘောက်နဲ့ ကာဘိုင်ကျည်တောင့် ၂၀ တောင့် သိမ်းနိုင်ခဲ့တယ်လို့ SGF က သတင်းထုတ်ပြန်ထားပါတယ်။ 

အဲ့ဒီဖြစ်စဥ်မှာ ကားထဲပါလာတဲ့ ပျူစောထီးအမျိုးသား၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို Non CDM ကျောင်းဆရာမ သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကူလာရောက် ပစ်ခတ်မှုကြောင့်လည်း ဆိုင်ကယ်နဲ့သွားလာနေတဲ့ အရပ်သား အမျိုးသားတဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီသေဆုံးမှု အခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

အခုတိုက်ခိုက်ခံရတဲ့နေရာဟာ စဉ့်ကူးမြို့နယ်အတွင်း “အစိမ်းရောင်နယ်မြေ” လို့ နာမည်ကြီးပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေ အားကောင်းတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးပတ်ကတည်းက မိုးကုတ်-မတ္တရာလမ်းကို စစ်တပ်ကအင်အားတိုးပြီး ကင်းပုန်းတွေ ချထားတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။ 

ပုံစာ -  ပျူစောထီးများထံမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #စဉ့်ကူး #ကာကွယ်ရေးတပ် #တိုက်ခိုက် #ပျူစောထီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10