မဒေါင်းလှရွာက စစ်သားနဲ့ပျူတွေ ရွာကထွက်ပြေး၊ နယ်မြေရှင်းလင်းရေးဝင်လုပ်ချိန် မိုင်းကွဲလို့ PDF ၅ ဦးဒဏ်ရာရ

မဒေါင်းလှရွာက စစ်သားနဲ့ပျူတွေ ရွာကထွက်ပြေး၊ နယ်မြေရှင်းလင်းရေးဝင်လုပ်ချိန် မိုင်းကွဲလို့ PDF ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာက စစ်သားနဲ့ပျူစောထီးတွေ ရွာကထွက်ပြေးသွားကြပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးဝင်လုပ်ချိန် မိုင်းပေါက်ကွဲပြီး PDF ရဲဘော် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေရှင်းလင်းရေးမှာပါဝင်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။ 

မဒေါင်းလှကျေးရွာရှိ စစ်သားနဲ့ပျူစောထီးတွေရဲ့စခန်းတွေကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက သြဂုတ် ၃၁ ရက်က စတင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၇ ရက် မနက် ၈ နာရီလောက်မှာတော့ ရွာထဲမှာရှိနေတဲ့ စစ်ကောင်စီအဖွဲ့တွေဟာ ပစ်ခတ်ဆုတ််ခွာပြီး ကန့်ဘလူမြို့နယ်၊ ဇီးကုန်းရွာကနေတဆင့် ဇီးကုန်းရွာနဲ့ ၆ မိုင်အကွာက သကြားစက်ရုံကို ပြောင်းရွှေ့သွားခဲ့ကြတာပါ။ 

စစ်အုပ်စုရွာကထွက်သွားပြီးနောက် စက်တင်ဘာ ၁၈ ရက်မှာ ရွာထဲကိုနယ်မြေရှင်းလင်းဖို့လာတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအနက် ရဲဘော် ၅ ဦးမိုင်းထိမှန်ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီထဲက အသက် ၃၀ နဲ့  ၂၂ နှစ်အရွယ် ရဲဘော် ၂ ဦးကတော့ ခြေထောက်ပြတ်သွားကာ အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ် ရဲဘော် ၃ ဦးကတော့ အသေးစား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

“မနေ့က ပထမဦးဆုံး ရှင်းလင်းရေးအဖွဲ့ ဝင်တာ။ ဝင်တဲ့အခါကျတော့ မဒေါင်းလှရွာ စာသင်ကျောင်းရှိတယ်။ စာသင်ကျောင်းနဲ့ မီတာ ၅၀ လောက်အကွာမှာ နင်းမိုင်းတွေမြှုပ်ထားတာ။ အဲ့ဒီနင်းမိုင်းတွေကို နင်းမိတာ။ ရဲဘော် ၂ ယောက်ကတော့ ခြေထောက်ပေးဆပ်လိုက်ရတယ်။” လို့ နယ်မြေရှင်းလင်းရေးမှာပါဝင်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။

မဒေါင်းလှကျေးရွာက ပျူစောထီးတွေဟာ တော်လှန်ရေးတပ်တွေဝင်လာနိုင်တဲ့နေရာတွေကို မိုင်းတွေထောင်ထားခဲ့တာကြောင့် ထွန်စက်တွေအသုံးပြုပြီးတော့ပါ ရှင်းလင်းခဲ့ရတယ်လို့ဆိုပါတယ်။

"အကုန်ရှင်းလင်းပြီး မီးရှို့လိုက်ပြီ။ ဘာမှ မကျန်တော့ဘူး။ မီးရှို့တဲ့အချိန် မိုင်းတွေပေါက်ကွဲတာ တအုန်းအုန်းပဲ"လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။

ခင်ဦးမှာ ပျူစောထီးကျေးရွာ ၄ ရွာရှိပြီး မဒေါင်းလှကျေးရွာကတော့ ပျူစောထီးအားကောင်းတဲ့ ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ သြဂုတ်လအတွင်းမှာလည်း စစ်ကောင်စီဘက်က ခင်ဦးနယ်၊ ဘအိုး၊ ရှားလွင်၊ မုံလှ၊ ပင်ဒင်း၊ စည်ပုတ္တရာ၊ သနပ်စိန်၊ စောကြီး၊ အင်ကြင်းပင်ရွာတို့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ပါသေးတယ်။ 

ဒါ့အပြင် သြဂုတ်လနောက်ဆုံးပတ်မှာ မဒေါင်းလှကျေးရွာကို စစ်ကူလာတဲ့ ဝါသဝစစ်ကြောင်းနဲ့ ဒေသခံ ပျူစောထီးတွေပေါင်းပြီး ကျေးရွာတွေကိုမီးရှို့ကာ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် ရွာပေါင်း ၂၀ လောက်ထွက်ပြေးနေရပြီး ဒီနေ့မှာတော့ ဒေသခံအချို့က ကျေးရွာတွေထဲကို ပြန်ဝင်နေကြပြီလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #မဒေါင်းလှ #စစ်ကောင်စီ #ပျူစောထီး #ထွက်ပြေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10