မနက်အစောကြီး ဒရုန်းနဲ့ဗုံးချလို့ ကလေး ၂ ဦးအပါအဝင် မိသားစုဝင် ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာမှာ စစ်တပ်နဲ့ပျူက ဒရုန်းနဲ့ဗုံးချလို့ ကလေး ၂ ဦးအပါအဝင် မိသားစုဝင် ၃ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၂ ရက် ဒီနေ့မနက် ၁ နာရီခွဲကနေ ၂ နာရီခွဲလောက် အချိန်အတွင်း ငတို့ပျူစောထီးကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီနဲ့ပျူအဖွဲ့က ဒရုန်းနဲ့ဗုံး ၃ ကြိမ် (၁ ကြိမ် ၂ လုံးနှုန်း) စုစုပေါင်း ၆ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

"တကယ့်အိပ်ကောင်းတဲ့အချိန်ပါ။ တော်တော်လေးအိပ်ကောင်းတဲ့အချိန် ဘယ်သူမှလည်း မထင်မှတ်ထားဘူး။ မထင်မှတ်တဲ့အချိန်မှာ လုပ်တာဆိုတော့။ ဆုံးသွားတဲ့ ကလေးတွေဆို ဘာဖြစ်လို့ဖြစ်မှန်းတောင်သိလိုက်မှာမဟုတ်ဘူး။"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ပျူ ချတဲ့ဒရုန်းဗုံးသီးတွေက အိမ်ခေါင်သွပ်မိုးတွေပေါက်ပြီး နေအိမ်ထဲရောက်မှ ပေါက်ကွဲတာတွေလည်းရှိနေတာကြောင့် လူထိခိုက်သေဆုံးများတာဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးသီးကျလို့ အင်းလယ်ကြီးကျေးရွာပကဖခေါင်းဆောင်ရဲ့ မိသားစုဝင်တွေဖြစ်တဲ့ ဇနီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မဖြူဖြူဝင်း၊ သမီးဖြစ်သူ အသက် ၄ နှစ်အရွယ် မသိမ့်သိမ့်ဖြူ၊ အသက် ၁၂ နှစ်အရွယ် မငြိမ်းအိဖြူတို့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဦးလှထွန်း ၆၄ နှစ်(ဒဏ်ရာပြင်းထန်)၊ ဒေါ်မြရင် ၆၉ နှစ်၊ ကိုအောင်မျိုးဝင်း ၃၉ နှစ်၊ ကိုဝေဖြိုးအောင် ၂၆ နှစ်၊ မသဲသဲဝင်း ၂၄ နှစ်၊ မတဲတဲဝင်း ၁၈ နှစ်တို့ ဒဏ်ရာရသွားသလို နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးမှုများခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေအနက် ဒဏ်ရာပြင်းထန်သူတွေကိုတော့ ရွှေဘိုဆေးရုံကိုပို့ထားရပြီး ကျန်သူတွေကတော့နီးစပ်ရာဆေးခန်းတွေမှာ ဆေးကုသနေရပါတယ်။

ကျေးရွာထဲကို ဒရုန်းနဲ့ဗုံးချခံရပြီးနောက်မှာတော့ အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ ကျေးရွာထဲကဒေသခံအချို့က နောက်ထပ်ဒရုန်းရန်ကြောက်ပြီး ကျေးရွာကနေ ပြောင်းရွှေ့တာတွေပြုလုပ်နေကြတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ မှန်နီပင်ကျေးရွာထိပ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်မှာ ကားပိတ်နေချိန် စစ်တပ်က ဒရုန်းနဲ့ဗုံးချလို့ ဒေသခံအမျိုးသမီး ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်တပ် #ပျူစောထီး #ဒရုန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10