မန္တလေးခရိုင်တရားရုံးကို ဝင်စီးမယ့်အကြောင်း PDF က တရားရုံးထဲ အသိပေးစာကပ်

မန္တလေးခရိုင်တရားရုံးကို ဝင်စီးမယ့်အကြောင်း PDF က တရားရုံးထဲ အသိပေးစာကပ်

မန္တလေးမြို့ပေါ်ရှိ မန္တလေးခရိုင်တရားရုံးကို ဝင်ရောက်စီးနင်းမယ့်အကြောင်း မန္တလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခရိုင်တရားရုံးထဲအထိ ဝင်ရောက်ကာ ကြိုတင်အသိပေးစာ ကပ်သွားတာကြောင့် တရားရုံးဝန်ထမ်း တချို့ထွက်ပြေးကာ တရားခွင်ပါ ယာယီရပ်နားလိုက်ရတယ်လို့ တရားရုံးအသိုင်းဝိုင်းက နေသိရပါတယ်။

နိုဝင်ဘာ ၂၄ ရက် မနေ့ မနက် ၁၁ နာရီလောက်မှာ မန္တလေးခရိုင်တရားရုံးအဆောက်အဦအတွင်းကို ဝင်စီးမယ့်အကြောင်းအပါအဝင် သတိပေးစာကပ်သွားတာလို့ သိရပါတယ်။

"အတွင်းထဲအထိ ဝင်ကပ်သွားတာ။ အမှုသည်တွေရော၊ ရှေ့နေတွေ အကုန်ထွက်ပြေးကြတာ။ ဘယ်သူကပ်သွားလဲ မသိလိုက်ကြဘူး" လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စာကပ်သွားပြီးနောက် ရဲတွေရောက်လာပြီး တရားရုံးအဝင်အထွက် အားလုံးပိတ်လိုက်တယ်လို့ သိရပါတယ်။ 

တရားရုံးဝန်ထမ်းတွေပါ ထွက်ပြေးကြတာကြောင့် ထွက်ပြေးတဲ့ ဝန်ထမ်းစာရင်းကိုပါ ရဲတွေကယူသွားတယ်လို့ သိရပါတယ်။

တရားရုံးထုတ်နေတဲ့အချိန်ဖြစ်ပြီး ရုံးထုတ်လာတဲ့အချုပ်သားတဦးလည်း ထွက်ပြေးရန်ကြိုးစားခဲ့ရာမှာ စာလာကပ်တဲ့ PDF နဲ့ မှားပြီးရဲတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့လည်း မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

"အသေရိုက်ကြတာ။ အဲ့ဒီအချုပ်သားလည်း အသက်စိုးရိမ်ရလောက်တယ်" လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရဲဝန်ထမ်းအိမ်ရာနဲ့ ရဲအစောင့်တွေ အများအပြားချထားတဲ့လမ်းထဲက အမှတ် ၁၆ (အထက)ကျောင်းမှာ သတိပေးစာကပ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်က မန္တလေးမြို့မှာ ရွှေပြည်စိုးစစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့ပြီးတဲ့နောက် စစ်ကောင်စီတွေက မြို့တွင်း ဘုန်းကြီးကျောင်းနဲ့ ဘုရားတွေမှာ တပ်စွဲထားသလို မြို့တွင်းမှာ စစ်ကားနဲ့လှည့်လည်ပြတာတွေလည်း လုပ်နေတယ်လို့မြို့ခံတွေက ပြောပါတယ်။

သတင်း - ၁၀၁၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေး #ခရိုင်တရားရုံး #PDF #အသိပေးစာကပ် #မြို့သိမ်းတိုက်ပွဲ #ရွှေပြည်စိုးစစ်ဆင်ရေး #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10