မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းရဲ့နာရေးကို ဖခင်ဖြစ်သူနေအိမ်မှာ ပြင်ဆင်ထားပြီး မနက်ဖြန်သင်္ဂြိုဟ်မယ်    ■နာရေးအိမ်ကို စစ်ကောင်စီမန္တလေးဝန်ကြီးချုပ်လည်း ရောက်နေ

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းရဲ့နာရေးကို ဖခင်ဖြစ်သူနေအိမ်မှာ ပြင်ဆင်ထားပြီး မနက်ဖြန်သင်္ဂြိုဟ်မယ် ■နာရေးအိမ်ကို စစ်ကောင်စီမန္တလေးဝန်ကြီးချုပ်လည်း ရောက်နေ

 

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကို ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်(၃)လမ်းရှိ ၎င်းရဲ့ဖခင်ဖြစ်သူ နေအိမ်မှာပြင်ဆင်ထားပြီး မနက်ဖြန်အောက်တိုဘာ ၈ ရက် မနက် ၁၀ နာရီမှာ တောင်အင်းမြောက်အင်းသုဿန်ကို ပို့ဆောင်သင်္ဂြိုဟ်မယ် လို့ မန္တလေးNLDအသိုင်းအဝိုင်းထံက သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီရဲ့ ဒုဥက္ကဌဖြစ်သလို မန္တလေးတိုင်းဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါနဲ့ မန္တလေးအထူးကုဆေးရုံကြီးမှာကုသနေစဥ် အောက်တိုဘာ ၇ ရက် ဒီကနေ့ မနက်အစော ၃ နာရီမှာ ဆုံးပါးသွားခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး အကျဥ်းထောင်ထဲမှာလည်း ကျန်းမာရေးမကောင်းတာကြောင့် မကြာခဏ ဆေးရုံတက်ကုသခဲ့ရသေးတယ်လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတဦးကပြောပါတယ်။

"ဆရာကြီးကို တိုက် ၆ ကနေ ၁ တိုက်ကိုပြောင်းတဲ့အချိန်မှာ ကျွန်တော်တို့တွေ့ခဲ့ရတယ်။ အစက ကုတင်၊ မွေ့ရာ ဘာမှမပေးဘူး။ ဦးဝင်းထိန်ရောက်လာပြီးမှ အဲဒီအသုံးအဆောင်တွေရတာ။ ဆေးကုသခွင့်ကလည်း အဲဒီတော့မှပို့ရတာ "လို့ ၎င်းကမြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာ ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးပြင်ဆင်ထားတဲ့နေအိမ်ကို စစ်ကောင်စီမန္တလေးတိုင်း ဝန်ကြီးချုပ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ထွေအုပ်နဲ့စည်ပင်အရာရှိတွေ ရောက်ရှိနေတယ်လို့ သိရပါတယ်။

“ ထွေအုပ်ကအများကြီးရောက်လာတယ်တဲ့ ဘာဖြစ်လဲမသိဘူး” လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းမီဒီယာတချို့မှာတော့ ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကို စစ်ကောင်စီဝန်ကြီးချုပ်နဲ့အဖွဲ့က လာရောက်ဂါရဝပြုတယ်လို့ ဖော်ပြကြပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် သွေးကင်ဆာဝေဒနာခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက မဲမသမာမှု၊ အဂတိအမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သဘာဝေဘေးဥပဒေစတဲ့ပြစ်မှုတွေ အပါအဝင် အမှု ၉ မှုနဲ့ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ကာ အိုးဘိုထောင်မှာချုပ်နှောင်ထားခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင်ရဲ့ အမရပူရမြို့နယ်က မိသားစုပိုင် နေအိမ်ကိုလည်း စစ်ကောင်စီတပ်က ယနေ့အထိချိပ်ပိတ်ထားဆဲဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပြီ ဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ဒေါက်တာဇော်မြင့်မောင် #နာရေး #မန္တလေး #ဝန်ကြီးချုပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10