မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့ပစ်ခံရပြီးတဲ့နောက် စစ်တပ်က တင့်ကားတွေနဲ့အင်အားပြ

မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့ပစ်ခံရပြီးတဲ့နောက် စစ်တပ်က တင့်ကားတွေနဲ့အင်အားပြ

မန္တလေးနန်းတွင်းကို ရှော့တိုက်ဒုံးနဲ့ အကြိမ်ကြိမ်ပစ်ခံရပြီးတဲ့နောက် စစ်တပ်က ဒီနေ့ ကျုံးဘေးပတ်လည်ကို တင့်ကား ၂ စီးနဲ့ကင်းပတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကျုံးဘေးပတ်လည်ကို စစ်အင်အားအများအပြားသုံးပြီး စစ်ဆေးတာတွေ ပြုလုပ်နေတဲ့အချိန် စက်တင်ဘာ ၂၉ ရက် မနက် ၂ နာရီခွဲမှာ မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာ နန်းတွင်းထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Brave Warriors for Myanmar(BWM) အဖွဲ့က ကြေညာထားပါတယ်။

ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် ဒီနေ့မနက်၉နာရီခွဲလောက်မှာ ကျုံးဘေးပတ်လည်ကို တင့်ကား ၂ စီးနဲ့ စစ်သားတွေ လှည့်လည်အင်အားပြခဲ့တယ်လို့ သိရပါတယ်။

"ကျုံးမြောက်ဘက် ၁၂ လမ်းကနေ ၁၉ လမ်း၊ ၆၆ လမ်း နန်းတွင်းအရှေ့ဘက်ပေါက်ကနေ နန်းတွင်းထဲ ပြန်ဝင်သွားတာတွေ့တယ်။ အင်အားတော်တော်များများနဲ့ လှည့်နေတာ"လို့ မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် မန္တလေးနန်းတွင်း အခုလိုတိုက်ခိုက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော်ကလူကြီးလာမှာမို့ လမ်းကြောင်းရှိတယ်လို့ဆိုကာ လမ်းဘေးစျေးသည်တွေကိုလည်း ဆိုင်ဖွင့်ခွင့် တပတ်ပိတ်ခိုင်းထားတယ်လို့  စျေးသည်တွေဆီကနေ သိရပါတယ်။

"လူကြီးလမ်းကြောင်းရှိတယ်လို့ပဲ ပြောတယ်။ တပတ် ဆိုင်မထွက်ခိုင်းဘူး။ လမ်းဘေးစျေးသည် အကုန်လုံးပဲ"လို့ စျေးသည်တဦးက ပြောပါတယ်။

မန္တလေးမြို့မှာ စစ်တပ်က ကျုံးဘေးကို ၂၄ နာရီစစ်သားတွေနဲ့ စစ်ဆေးတာတွေလုပ်နေတဲ့အချိန် အခုလိုနန်းတွင်းအထိ တိုက်ခိုက်ခံနေရတာဖြစ်ပြီး ရှော့တိုက်ဒုံးနဲ့တိုက်ခံရပြီးနောက်မှာလည်း မြို့တွင်းအစစ်အဆေး ပိုမိုတင်းကျပ်နေတယ်လို့ သိရပါတယ်။

ပုံစာ - ယမန်နှစ်က စစ်ကောင်စီတင့်ကားများ ရန်ကုန်မြို့တွင်း အင်အားပြကင်းလှည့်နေစဉ်။ (ဓါတ်ပုံ - စကစထောက်ခံတယ်လီဂရန်)

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #လပခ #နန်းတွင်း #တင့်ကား #အင်အားပြ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10