မန္တလေးမြို့မြောက်ဘက်ခြမ်းမှာ ရှော့တိုက်ဒုံးတွေကျရောက်ပေါက်ကွဲပြီး ပျက်စီးမှုတွေရှိ

မန္တလေးမြို့မြောက်ဘက်ခြမ်းမှာ ရှော့တိုက်ဒုံးတွေကျရောက်ပေါက်ကွဲပြီး ပျက်စီးမှုတွေရှိ

▪️နန်းတွင်းလပခကို မန်းUG နဲ့ပူးပေါင်းကာ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့ကြောင်း BWM ထုတ်ပြန်

မန္တလေး နန်းတွင်း လပခကို စက်တင်ဘာ ၄ ရက် ဒီကနေ့မနက် ၄ နာရီဝန်းကျင်က ရှော့တိုက်ဒုံး ၇ လုံးအောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့  Brave Warriors for Myanmar-BWM သတင်းထုတ်ပြန်ပါတယ်။

နန်းတွင်းလပခကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့  ပစ်ခတ်ခဲ့တာမှာ ၇ လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်မှုတွေကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။

မန္တလေးမြို့ခံတဦးကတော့ မြို့မြောက်ဘက်ခြမ်းမှာ ဒီကနေ့မနက်အစော ၄ နာရီလောက်က ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံနေရာတွေအပါအဝင် ပြည်သူပိုင်နေအိမ်တွေလည်းထိခိုက်ခဲ့တယ်လို့ မြေလတ်အသံကိုပြောပါတယ်။

ကျုံးအနောက်မြောက်ဘက်ထောင့်က အမှတ် ၄ ရဲစခန်း၊ မန္တလေးမြို့မြောက်ဘက်အဝင်ပေါက်ဖြစ်တဲ့ ရွှေကျင်တိုးဂိတ်တွေမှာ ပေါက်ကွဲခဲ့တဲ့အပြင် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်က နေအိမ်တချို့နဲ့ ကျုံးအနောက်ဘက် လမ်း ၈၀၊ ၁၁ လမ်းနဲ့ ၁၂ လမ်းကြားရှိ နေအိမ်တွေပေါ်ကိုလည်း ကျရောက်ပေါက်ကွဲကာ ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ ဆိုပါတယ်။

" အိမ်တွေပါတုန်တယ်။ တိုက်ပွဲဖြစ်ပြီးလေယာဥ်နဲ့ကျဲချနေတယ်တောင်ထင်တာ။ ၄ ခါ ပေါက်ကွဲပြီး နောက်ထပ် ၂ခါ ထပ်ပေါက်ကွဲတယ် ။ အမှတ် ၄ ရဲစခန်းထဲကျတာတော့သေချာတယ်" လို့ အောင်မြေသာစံမြို့နယ်နေထိုင်သူမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပေါက်ကွဲမှုတွေအတွင်း ညောင်ကွဲရပ်ကွက်က အမျိုးသားတဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ထိခိုက်မှုတွေကိုတော့ မသိရသေးပါဘူး။

၁၀၂၇ဒုတိယလှိုင်း (ရှမ်းမန်းစစ်ဆင်ရေး)မှာ မန္တလေးမြို့ကိုတော်လှန်ရေးတပ်တွေဝင်တိုက်မယ့် သတင်းတွေထွက်လာပြီးနောက် ယခုလိုမြို့တွင်း တိုက်ခိုက်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ မတ်လက မန္တလေးမြို့ကစစ်တပ်ပိုင် ရတနာပုံခန်းမရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံခဲ့ရသလို၊ ဧပြီလမှာလည်း ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်ကျောင်း(DSA)ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #ပေါက်ကွဲမှု #စစ်ကောင်စီတပ် #လူနေအိမ် #ထိခိုက်ပျက်စီး #ရှော့တိုက်ဒုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10