မန္တလေးမြို့က အိမ်ခြေ ၅၀၀ ကို လူတစုက ချိပ်ပိတ်ဖို့ ကြိုးပမ်း

မန္တလေးမြို့က အိမ်ခြေ ၅၀၀ ကို လူတစုက ချိပ်ပိတ်ဖို့ ကြိုးပမ်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကြံခင်းရပ်ကွက်က ပြည်သူတွေရဲ့ အိမ်ခြေ ၅၀၀ ကို လူတစုက ချိပ်ပိတ်ရန် ကြိုးပမ်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

မတ် ၂၉ ရက် ဒီနေ့မနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား၊ ၁၁ လမ်းနဲ့ ၁၆ လမ်းကြားက မြေ ၄ ဧကပေါ်က နေအိမ် ၅၀၀ ကျော်ကို လူတစုက အလံအနီတွေကို နေအိမ်တွေမှာ စိုက်ထူပြီး အိမ်တွေကို ချိပ်ပိတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါရပ်ကွက်မြေနေရာဟာ သီပေါမင်းရဲ့မျိုးဆက်ဆိုသူတဦးက ပိုင်ဆိုင်တဲ့မြေဧကလို့ဆိုပြီး လူတစုက အခုလို ရပ်ကွက်နေအိမ်တွေကို ချိပ်ပိတ်ဖို့ ကြိုးပမ်းခဲ့ပြီး ၎င်းတို့ကို ရဲတပ်ဖွဲ့ဝင်တွေကလည်း လုံခြုံရေးပေးခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ 

ရပ်ကွက်နေအမျိုးသမီးတဦးက "စာရွက်စာတမ်းအပြည့်အစုံနဲ့ ဘိုးဘွားတွေလက်ထက်ကတည်းက ကျမတို့ နေထိုင်လာတာ အနှစ် ၅၀ ကျော်ပါပြီ။ ကျမတို့က ကျူးကျော်မဟုတ်ပါဘူး" လို့ ဆိုပါတယ်။ 

အဲဒီလိုပြုလုပ်ခဲ့တဲ့အတွက် ရပ်ကွက်အတွင်း ရုတ်ရုတ်သဲသဲဖြစ်ကာ ရပ်ကွက်လူကြီးနဲ့ ရပ်ကွက်နေအမျိုးသမီးတွေက တားမြစ်တောင်းပန်တာကြောင့် ချိပ်ပိတ်ရန်လာရောက်တဲ့ လူတစုအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေလည်း ပြန်သွားကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ 

" (ရပ်ကွက်ထဲကလူတွေ)ကြောက်နေလို့ တရပ်ကွက်လုံးအိပ်ရမယ် မထင်ဘူး။ အကုန်စိတ်ဒုက္ခတွေရောက်လိုက်တာ" လို့ ကြံခင်းရပ်ကွက်နေ အမျိုးသမီးငယ်တဦးက လည်းပြောပါတယ်။

အဆိုပါ ရပ်ကွက်မြေနေရာနဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေတဲ့ ဒီမြေမှုကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သီပေါမင်း မျိုးဆက်ဆိုသူအမျိုးသမီးကို တရားရုံးက အနိုင်ပေးလိုက်တဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်လို မြို့ခံတွေက ဆိုပါတယ်။ 

ပုံစာ - ရဲတပ်ဖွဲ့တွေနဲ့ ချိပ်ပိတ်လာတဲ့လူတွေကို ရပ်ကွက်ပြည်သူတွေက ညှိနှိုင်း တောင်းပန်နေကြစဉ်။

 စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးမြို့ #အောင်မြေသာစံ #ကြံခင်းရပ်ကွက် #ပြည်သူ #အိမ်ခြေ၅၀၀ #စစ်ကောင်စီ #ချိပ်ပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10