မန္တလေးမြို့ကြီး ငိုတဲ့နေ့ (ဆောင်းပါး)

မန္တလေးမြို့ကြီး ငိုတဲ့နေ့ (ဆောင်းပါး)

 

တမနက်လုံး မိုးကပြိုကျတော့မလို အုံ့မှိုင်းပြီး ကောင်းကင်က မဲမှောင်လို့နေသလောက် လမ်းမပေါ်သွားလာနေကြသူတွေဟာလည်း မျက်နှာမသာမယာပါပဲ။

မနက် ၁၀ နာရီလောက်မှာ ကောင်းကင်က တိမ်သားတွေ ပြန်လည်ကင်းစင်သွားလို့ လင်းလာပေမဲ့လည်း လူတွေရဲ့ မျက်နှာကတော့ ပိုလို့သာမဲမှောင်လာပြီး မန္တလေးမြို့က လမ်းမတလျှောက် ငိုညည်းသံတွေလွှမ်းသွားပါတယ်။ 

"ဆရာရေ၊ ဆရာရေ"လို့ ငိုပြီးထိုင်ကန်တော့နေသူ အမျိုးသမီးတွေ၊ လမ်းမတလျှောက် မကြုံစဖူး လုံခြုံရေးတွေကြား ယောက်ျားရင့်မာကြီးတွေရဲ့ အံတကြိတ်ကြိတ်နဲ့ တောက်တခေါက်ခေါက်သံတွေဟာ တနေ့လုံးရဲ့ ကြေကွဲစရာ ပြယုဂ်ပါ။

အဲဒီနေ့ အောက်တိုဘာ ၈ ရက်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အငြိုးတကြီးဖမ်းဆီးအကျဉ်းချခံခဲ့ရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဒေါက်တာဇော်မြင့်မောင်ကို သင်္ဂြိုဟ်တဲ့နေ့ ဖြစ်ပါတယ်။ 

လမ်းမကြီးရဲ့ဘေးတလျှောက် ငိုနေသူများစွာထဲမှာ ဒေါက်တာဇော်မြင့်မောင်နဲ့ စကားတကြိမ်မျှ မပြောဖူးသူတွေ ပါကောင်းပါပါလိမ့်မယ်။

ဒါပေမဲ့ မမြင်ဖူးသူတော့ပါမယ် မထင်ပါဘူး။ အမြဲတမ်း ပြည်သူကြားမှာရှိနေခဲ့တဲ့ ဝန်ကြီးချုပ်တယောက်ကို ပြည်သူက မေတ္တာပြန်ပေးတဲ့နေ့တနေ့လို့တောင် ပြောရပါလိမ့်မယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် ၃ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးမှာ စစ်တပ်လုံခြုံရေးက အပြည့်အစုံ ရောက်နေပါတယ်။

မနက် ၁၀ နာရီမှာ ကျွဲဆည်ကန် ၇၈ လမ်းကနေ ရန်ကုန်-မန္တလေးလမ်း၊ အဲဒီလမ်းကနေ တောင်အင်းမြောက်အင်းသုသာန်ကို နာရေးပို့ဆောင်မှာဖြစ်တာကြောင့် ပြည်သူတွေကလည်း လမ်းမတွေထက် ထွက်လာကြပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဆုံးတဲ့ အောက်တိုဘာ ၇ ရက်ကတည်းက အာဏာသိမ်းစစ်တပ် ကြီးစိုးထားဆဲဖြစ်တဲ့ မန္တလေးမြို့ပေါ်မှာ စစ်တပ်က အရပ်ဝတ်တွေရော ယူနီဖောင်းဝတ်တွေနဲ့ပါ မသိမသာ ကင်းထောက်နေပါတယ်။

နောက်တနေ့မနက် ၇ နာရီမှာတော့ သိသိသာသာပဲ နာရေးအိမ်ကို အင်အားအပြည့် လုံခြုံရေးချထားသလို နာရေးလမ်းတလျှောက်မှာလည်း လက်နက်ကိုင် စစ်အင်အားအများအပြား ချထားပါတယ်။

ဒီလိုအခြေအနေတွေကြားထဲမှာပဲ ဒေါက်တာဇော်မြင့်မောင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ချင်တဲ့ ပြည်သူအင်အား သောင်းနဲ့ချီပြီး လမ်းမကို လျှံထွက်လာကြပါတယ်။

အလွှာပေါင်းစုံက လူတွေရဲ့ဆိုင်ကယ်အစီးရေ ၂,၀၀၀ ကျော်လောက်က လမ်းလုံးပြည့်လျှံသွားပါတယ်။ အဲဒီနောက်မှာ ရဲတပ်ဖွဲ့ရဲ့ ပွိုင့်ကား၊ နောက်မှာ စစ်တပ်က လက်နက်အပြည့်အစုံနဲ့ကား၊ အဲဒီနောက်မှာ မန္တလေးမြို့က လူမှုကူညီရေးအသင်းစုံရဲ့ကားတွေ ကပ်ပါလာပါတယ်။ 

ဒီကားတွေပေါ်မှာ အဖွဲ့အစည်းပေါင်းစုံရဲ့ လွမ်းသူ့ပန်းခွေတွေ အစီအရီပါလာပါတယ်။ ထူးထူးခြားခြားအမည်နာမတပ်မထားတဲ့ ဆရာဇော်အတွက် လွမ်းသူ့ပန်း(ရန်ကုန်မြို့က ပြည်သူတဦး)၊ (မန္တလေးက ပြည်သူတဦး)ဆိုတဲ့ လွမ်းသူ့ပန်းခြင်းလေးတွေလည်း ရှိနေပါတယ်။

လွမ်းသူ့ပန်းခွေတွေထင်တားတဲ့ ကားတွေရဲ့နောက်မှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရုပ်အလောင်းကိုတင်ထားတဲ့ နာရေးကားက ခန့်ထည်စွာရွေ့လျားနေပါတယ်။ ဒီနောက်မှာတော့ ကားအစီးရေ ထောင်နဲ့ချီနေတဲ့ ကားတန်းဟာ မိုင်နဲ့ချီပြီး ရှည်လျားနေပါတယ်။

"လမ်းတလျှောက်လုံး အလေးပြုတဲ့ ပြည်သူတွေ အပြည့်ပဲ။ ငိုရင်းနဲ့ သတိလစ်သွားကြတဲ့ အန်တီတွေတောင်ရှိတယ်။" လို့ လိုက်ပါပို့ဆောင်ပေးသူတဦးက ပြောပါတယ်။

မန္တလေးက ရှေ့မီနောက်မီလူတွေကတော့ ဒီစျာပနပွဲဟာ ရွှေမန်းတင်မောင်ပြီးရင် အစည်ကားဆုံးစျာပနပွဲဖြစ်တယ်လို့ မှတ်ချက်တွေပြုထားကြပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြပွဲတွေ နှိမ်နင်းခံရအပြီးမှာ ပထမဆုံးအကြိမ် မန္တလေးမြို့က လူတွေ လမ်းမပေါ်အုံလိုက်ကျင်းလိုက် ပြန်ထွက်လာကြတဲ့နေ့ပါ။ 

ထိုင်ကန်တော့နေကြသူတွေ၊ နာရေးကားကို အကြိမ်ကြိမ် အလေးပြုနေသူ အမျိုးသားတွေ၊ မြန်မာနိုင်ငံမှာလူမဖြစ်ဘဲ တခြားနိုင်ငံတခုမှာ လူပြန်ဖြစ်ပါစေဆိုတဲ့ ဆုတောင်းသံတွေဟာ သေနတ်ကိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှေ့မှာပဲ ပေါ်ထွက်လာခဲ့ကြပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီး ၂၀၂၀ ခုနှစ်အထိ ငါးနှစ်တာအတွင်း မန္တလေးကို စံပြမြို့အဖြစ် ပြောင်းလဲမှုမှာ ဦးဆောင်ပါဝင်ခဲ့သူပါ။

၂၀၁၈ လောက်က ဖြစ်မယ်ထင်ပါတယ်။ ကျုံးဘေးကနေ လမ်းလျှောက်ပြီး ပြန်ဖို့ကားပေါ်တက်သွားတဲ့ လူ ၁ ဦးကို ဆယ်ကျော်သက် လူငယ် ၅ ယောက်လောက်က ကားကိုတားပြီး တံခါးသွားခေါက်ခဲ့ပါတယ်။

"ဝန်ကြီးချုပ်လား ခင်ဗျ။ ကျနော်တို့ စကိတ်ဝါသနာရှင်တွေ စီးဖို့အတွက် နေရာမရှိလို့၊ အဲဒီနေရာလေး လုပ်ပေးစေချင်ပါတယ်။ ပြိုင်ပွဲတွေလည်း လုပ်ချင်ပါတယ်။" ဆိုပြီး အဲဒီအထဲက လူငယ်တဦးက ပြောပါတယ်။

ကားထဲမှာရှိနေတဲ့သူက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ပါ။

ဒီအကြောင်းကို မီဒီယာတွေနဲ့တွေ့ဆုံချိန်၊ ဘက်ဂျက်ကိစ္စစကားပြောချိန်တိုင်း လူငယ်တွေဆီမှာ သူအကြွေးတင်နေကြောင်းကို မကြာခဏပြန်ပြောလေ့ရှိပါတယ်။

ဒါပေမဲ့ တနှစ်လောက်ကြာတဲ့အချိန်မှာ မန္တလာသီရိအားကစားကွင်းမှာ တိုင်းအစိုးရကဦးစီးပြီး စကိတ်ကွင်းကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ သီတင်းကျွတ်လပြည့်လို ညမျိုးဆိုရင် ရုတ်တရက်ပြည်သူတွေကြားထဲပေါ်လာပြီး မြို့ခံတွေနဲ့ စကားလိုက်ပြောတာမျိုး၊ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ပြိုင်ပွဲရှိတဲ့နေ့မျိုးဆို ကျုံးဘေး စည်ပင်ရုံးထောင့်မှာ ပြည်သူတွေနဲ့အတူ ထိုင်အားပေးတာမျိုးလုပ်လေ့ရှိပါတယ်။

နှစ်စဥ် နှစ်သစ်ကူးညတွေမှာ လူသေဆုံးမှု၊ ဆိုင်ကယ်မတော်တဆမှုတွေ များလွန်းတာကြောင့် အစိုးရကဦးဆောင်ပြီး နှစ်သစ်ကူးည ပွဲလုပ်ပေးခဲ့ပါတယ်။ 

"ပြည်သူနဲ့အတူ၊ ပြည်သူအားလုံးပါဝင်နိုင်တဲ့ ပျော်ပွဲရွှင်ပွဲ" ဆိုတဲ့ စကားတွေကို တွင်တွင်ပြောကာ အခြေခံ လူတန်းစားတွေပါဝင်နိုင်တဲ့ တခြားသောပွဲတော်တွေကိုလည်း တိုင်းအစိုးရအစီအစဥ်နဲ့ ပြုလုပ်ပေးခဲ့ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ဒီလို ပြည်သူတွေအကြိုက် ပွဲတွေလုပ်ပေးခဲ့သလို အရင် တိုင်းအစိုးရဆီကနေ နိုင်ငံတော်ရန်ပုံငွေ ကျပ်သိန်းပေါင်း ၂,၈၀၀ ကျော်ကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြည်သူတွေအင်အားနဲ့ ပြန်တောင်းခဲ့တာတွေ၊ မူးယစ်ဆေးဖမ်းဆီးတာတွေမှာလည်း ပြည်သူထောက်ခံမှု အများအပြားရရှိခဲ့ပါတယ်။

ပြည်သူနဲ့တွေ့ဆုံချိန် နူးညံ့တယ်လို့ထင်ရသလောက် ဒေါက်တာဇော်မြင့်မောင် မာကြောတဲ့အချိန် ရှိပါတယ်။ အဲ့ဒါကတော့ စစ်တပ်နဲ့ ဆက်ဆံတဲ့အချိန်ပါ။ လွှတ်တော်အတွင်း ပြောတဲ့အချိန်မှာပဲဖြစ်ဖြစ် လေသံ၊ အပြုအမူတွေဟာ အမြဲပြတ်သားတတ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ သူ့ရဲ့ ဘဝတလျှောက်လုံး နိုင်ငံအတွက်ပေးဆပ်ခဲ့သူလို့ မှတ်ချက်ပြုခံရပြီး နောက်ဆုံးအချိန်အထိ အာဏာသိမ်းစစ်တပ်ကို အံတုသွားခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာကတည်းက သူဟာ အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရစဉ်မှာ စစ်တပ်ကဖမ်းဆီးကာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပြီး ၁၉ နှစ်အကြာမှသာ ပြန်လွတ်လာခဲ့ပါတယ်။ 

ဘယ်လိုပင် ထောင်ချဖိနှိပ်ခံရပါစေ ရွေးကောက်ပွဲတိုင်း အစဉ်အဆက်အနိုင်ရခဲ့သူဖြစ်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမရပူရမြို့နယ်ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာတော့ မနက် ၄ နာရီမှာ စစ်တပ်က ဝန်ကြီးချုပ်အိမ်ရာထဲအထိ ဒေါက်တာဇော်မြင့်မောင်ကို ဝင်ဖမ်းခဲ့ပါတယ်။

အဲဒီနောက်စစ်တပ်က ခံဝန်ထိုးဖို့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပေမယ့် နောက်ဆုံးအချိန်ထိ ဒေါက်တာဇော်မြင့်မောင်က ငြင်းဆိုခဲ့ပါတယ်။ 

စစ်တပ်က ဒေါက်တာဇော်မြင့်မောင်ကိုသာမက သူ့အမှုတွေကို တရားခွင်မှာ မာမာတင်းတင်းငြင်းဆိုပေးတဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကိုလည်း ဖမ်းဆီးပြန်ပါတယ်။

ဒါတင် မကသေးပါဘူး။ ဒေါက်တာဇော်မြင့်မောင်ရဲ့ မိသားစုဝင်တွေကိုပါ PDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး အမရပူရမြို့က နေအိမ်ကိုပါ ထပ်မံချိတ်ပိတ်ခဲ့ပါသေးတယ်။

ဒီစွပ်စွဲချက်ကြောင့်ပဲ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးကို သူ့နေအိမ်မှာ ပြုလုပ်ခွင့်မရသလို မိသားစုဝင်တွေလည်း တက်ရောက်ခွင့် မရခဲ့ကြပါဘူး။ 

ဒါပေမဲ့ ဒီလိုလူတယောက်ရဲ့ နောက်ဆုံးခရီးကို စစ်အာဏာရှင်တွေ လုံခြုံရေး ကန့်သတ်တင်းကျပ်ထားတဲ့ကြားကပဲ မန္တလေးပြည်သူတွေက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ယောကျာ်းရင့်မာကြီးတွေရဲ့ နီရဲနေတဲ့မျက်လုံးတွေ၊ အမေအိုတွေရဲ့ ငိုသံတွေနဲ့ မောင်နှမတချို့သာ တက်ရောက်ခွင့်ရပြီး မိသားစုဝင်တွေတက်ရောက်ခွင့်မရတဲ့နာရေးဟာ နိုင်ငံတော်စျာပနတခုလို အလွန်စည်ကားခဲ့ပါတယ်။

အာဏာရှင်စစ်တပ်ရဲ့ ဖိနှိပ်မှုဟာ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးအချိန်အခါမှာပါ အလွတ်မပေးခဲ့ဘဲ နာရေးလိုက်ပို့ပြီး ပြန်လာတဲ့ပြည်သူတွေရဲ့ ဆိုင်ကယ်နဲ့ ကားတွေကို မြို့အဝင်လမ်းတွေအကုန်ပိတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။

နာရေးကနေ မြို့ထဲဝင်တဲ့လမ်းနေရာမှာတင် စစ်သား၊ ရဲ၊ ယာဉ်ထိန်းရဲနဲ့ ပျူစောထီးအင်အား ၁၀၀ လောက်က လုံခြုံရေးတင်းကျပ်ကာ စောင့်ကြည့်နေကြပါတယ်။ လက်ကိုင်ဖုန်းနဲ့ လိုင်စင်တွေ စစ်ဆေးခဲ့သလို လူငယ် ၅၀ လောက်လည်း တရားမဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

"ဖြတ်ပြန်လာတဲ့အချိန် အဖမ်းခံထားရတဲ့ဆိုင်ကယ်တွေ အများကြီးပဲ။ ပျူစောထီးတွေ မိုက်မိုက်ရိုင်းရိုင်းကို စစ်နေတာ။" လို့ မြို့ခံတဦးက ပြောပါတယ်။

အောက်တိုဘာ ၉ ရက် ဒီနေ့ မနက်ရတဲ့သတင်းအရ လူငယ်တချို့ဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီလုပ်ရပ်တွေဟာ လူထောင်သောင်းချီလိုက်ပို့တဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကို မနာလိုဝန်တိုတဲ့ စစ်အာဏာရှင်တွေရဲ့ သမိုင်းမှတ်တမ်းတခုလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ 

#ဆောင်းပါး #ဝန်ကြီးချုပ် #ဒေါက်တာဇော်မြင့်မောင် #နာရေး #ဈာပန 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10