မန္တလေးမြို့ ဆန္ဒပြမှုတွေမှာ အကြမ်းဖက်ဖြိုခွင်းခဲ့သူ ဒုရဲမှူးကြီးကျော်ဇင်မြင့် မိုင်းဆွဲခံရပြီး သေဆုံး

မန္တလေးမြို့ ဆန္ဒပြမှုတွေမှာ အကြမ်းဖက်ဖြိုခွင်းခဲ့သူ ဒုရဲမှူးကြီးကျော်ဇင်မြင့် မိုင်းဆွဲခံရပြီး သေဆုံး

စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေမှာ ဦးဆောင်ပြုလုပ်ခဲ့၍ စစ်ကောင်စီက ဝန်ထမ်းကောင်းဆုပေးကာ ရာထူးတိုးပေးခဲ့တဲ့ မန္တလေးတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးကျော်ဇင်မြင့် စစ်ကြောင်းထွက်စဥ် မိုင်းဆွဲခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ (MDY Revolution )က မတ် ၂၅ ရက် ဒီနေ့ထုတ်ပြန်လာတဲ့နာရေးဖိတ်စာမှာ မတ် ၂၃ ရက်က ဒုရဲမှူးကြီးကျော်ဇင်မြင့်သေဆုံးခဲ့ပြီး ဒီနေ့ နံနက် ၁၀ နာရီမှာ နာရေးသင်္ဂြိုဟ်မှာလို့ ဖော်ပြထားပါတယ်။

MDY Revolutionရဲ့ ထုတ်ပြန်ချက်မှာ "မြင်းခြံဘက်ကို စစ်ကြောင်းထွက်တုန်းက မိုင်းမိတယ်။ မန္တလေးဆေးရုံပြန် ပို့ပေမယ့် ရရှိတဲ့ ဒဏ်ရာနဲ့ဆုံးသွားပါတယ်ဆိုပြီး နေပြည်တော်သတင်းအရင်းမြစ်ကပြောပါတယ် " လို့ ဖော်ပြထားပါတယ်။

မန္တလေးမြို့ခံတဦးကလည်း မတ် ၂၃ ရက်က မန္တလေးဆေးရုံကြီးမှာ ရဲတွေအများအပြားတွေ့ခဲ့ရပြီး ရာထူးကြီးပိုင်းထဲက တခုခုဖြစ်နိုင်တယ်လို့ မြေလတ်အသံကို သတင်းပေးပြောကြားခဲ့ပါသေးတယ်။ 

ဒုတိယရဲမှူးကြီးကျော်ဇင်မြင့်ဟာ ၂၀၂၁ ဖေဖော်ဝါရီလမှာ အောင်မြေသာစံမြို့နယ်၊ မြို့နယ်ရဲမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး မန္တလေးမြို့က စစ်အာဏာသိမ်းဆန္ဒပြ ပြည်သူတွေကို ပထမဦးဆုံးအကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ၇၃ လမ်းနဲ့ ၃၈လမ်း (ဒေါ်အောင်ဆန်းစုကြည်လမ်း) ပေါ်ကဖြစ်စဥ်မှာ အမိန့်ပေးစေခိုင်းခဲ့သူဖြစ်သလို ပြည်သူအများအပြားကို ဖမ်းဆီးခဲ့သူလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် ဖေဖော်ဝါရီလထဲမှာပဲ မန္တလေးမြို့ တိုင်းအစိုးရရုံးရှေ့မှာ ဆန္ဒပြဖမ်းဆီးခဲ့သူတွေကို ပြန်လွှတ်ရေး ဆန္ဒပြတောင်းဆိုတဲ့ပြည်သူတွေကို "ငါတို့က ဥပဒေအတိုင်းလုပ်တာ။ ရဲက ရဲအလုပ် ရဲလုပ်တာကွ" ဆိုပြီး ၎င်းကိုယ်တိုင်ရှေ့ထွက်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူဖြစ်ပါတယ်။

၂၀၂၂ အတွင်းက  မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Myanmar Return Ranger Force-MRRF ခေါင်းဆောင် ဗိုလ်အောင်မြေနဲ့ အဖွဲ့ဝင် ၃ ဦးကို စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့စဥ်မှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး အကြမ်းဖက်ဖြိုခွင်းတဲ့ဖြစ်စဥ်တွေမှာ ရွပ်ရွပ်ချွံချွံပါဝင်လို့ဆိုပြီး စစ်တပ်က ၂၀၂၁ မှာကတည်းက မြန်မာ့အလင်းသတင်းစာမှာ ဝန်ထမ်းကောင်းအဖြစ်ကြေညာခဲ့သူဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်တပ် ##မန္တလေးမြို့ #ဆန္ဒပြ #အကြမ်းဖက် #စစ်ကောင်စီ #ဝန်ထမ်းကောင်းဆု #ဒုတိယရဲမှူးကြီးကျော်ဇင်မြင့် #မိုင်းဆွဲ #မန္တလေးမြေပြင်ကင်းထောက်အဖွဲ့  #MDYRevolution

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10