မန္တလေးမြို့နဲ့ မတ္တရာကိုကာကွယ်ဖို့ စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေ

မန္တလေးမြို့နဲ့ မတ္တရာကိုကာကွယ်ဖို့ စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေ

မန္တလေးမြို့နဲ့ မတ္တရာမြို့ကိုကာကွယ်ဖို့ စစ်ကောင်စီက မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အင်အားထပ်မံဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းက မြစ်ကမ်းဘေးကျေးရွာဖြစ်တဲ့ သုံးဆယ်ပေးကျေးရွာကို စစ်ကောင်စီက စက်တင်ဘာ ၂၇ ရက်က စစ်ကြောင်းထိုးခဲ့ပါတယ်။ 

အဲဒီကျေးရွာဟာ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်နဲ့ ဆက်လျက်ဖြစ်ပြီး ရေကြောင်းလမ်းကို ထိန်းချုပ်နိုင်ဖို့ အရေးပါတဲ့နေရာလည်း ဖြစ်ပါတယ်။

အဲဒီကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီး တပ်စွဲထားရာကနေ အဲဒီရွာမြောက်ဘက် ၅ ရွာလောက် အကွာက ငယ်တိုး၊ သဖန်းထောင့်၊ သေနတ်ကုန်းတို့ကို စစ်တပ်က မနေ့ကပဲ အင်အားတိုး အထိုင်ချတပ်စွဲလိုက် တယ်လို့ သိရပါတယ်။

"အခုတပ်စွဲလိုက်တဲ့ ရွာတွေက ကျောက်တံတား(မန္တလေး-မတ္တရာကားလမ်းပေါ်က အခုတိုက်ပွဲဖြစ်ပွားနေတဲ့ရွာ)နဲ့ အဖြောင့်တိုင်းလိုက်ရင် တတန်းထဲပဲ။ အဲ့ဘက်ကနေ ကာလိုက်ရင် တော်လှန်ရေးတပ်တွေ မန္တလေးအထိ တက်မလာနိုင်ဘူးလေ။ စစ်တပ်က မတ္တရာကို ပေးလိုက်ရရင်တောင် ကျွန်တော်တို့အဖွဲ့တွေ မန္တလေးအထိ တက်မလာနိုင်အောင် အနောက်ရော၊ အရှေ့ရော ဒီကောင်တွေကာလိုက်တဲ့သဘောပဲ။" လို့ မတ္တရာမြို့နယ် အတွင်းက တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

လက်ရှိမှာ မတ္တရာမြို့နယ်၊ အနောက်ခြမ်းက ငယ်တိုး၊ သဖန်းထောင့်၊ သေနတ်ကုန်း၊ သုံးဆယ်ပေး၊ ညောင်ကုန်း၊ ရွှေချောင်း၊ ပေါက်ဝဲစတဲ့ကျေးရွာတွေကို စစ်ကောင်စီက အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

ဒီကျေးရွာတွေကနေ စစ်ကြောင်းထိုးမယ်ဆိုရင် မတ္တရာမြို့အနီးက ကျေးရွာတွေအထိ အလွယ်တကူ စစ်ကြောင်းထိုးနိုင်ပြီး အင်အားဖြည့်တင်းဖို့လည်း မတ္တရာမြို့အနီးက ရွှေချောင်း(ပျူစောထီးရွာ)ရှိနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

"ရွှေချောင်းကိုလည်း အင်အားတိုးထားတယ်။ အခုရက်ပိုင်းကို စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုး မယ်ကြားတယ်။" လို့ မတ္တရာအနောက်ခြမ်းကဒေသခံတဦးက ပြောပါတယ်။

ထပ်မံတပ်စွဲထားတဲ့ ကျေးရွာတွေဟာ စစ်ကိုင်းတိုင်းဘက်ကနေ PDF တွေ မန္တလေးတိုင်းဘက်ကို ကူးမလာနိုင် အောင် မြစ်ကမ်းကနေ ကာလိုက်တဲ့သဘောမျိုးဖြစ်ပြီး လက်နက်ကြီးတွေပါ အထိုင်ချတပ်စွဲထားတာလို့ သိရပါတယ်။

မတ္တရာမြို့နယ်ကို လက်ရှိ ပို့ဆောင်နေတဲ့စစ်သားတွေဟာ ပုသိမ်ကြီးမြို့နယ်အရှေ့ဘက် တပ်မ ၃၃ လက်အောက်ခံတပ်နဲ့ ရမည်းသင်းမြို့၊ အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်တွေကနေ သင်တန်းဆင်းလာတဲ့ ပြည်သူ့စစ်တွေကို ပြီးခဲ့တဲ့လကပဲ တပ်ခွဲမှူးသင်တန်းဆင်းလာတဲ့ ဗိုလ်ကြီးတယောက်စီကို ဦးစီးပြီး လွှတ်နေတာလို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

အလားတူ မတ္တရာမြို့နယ်အရှေ့ခြမ်းကိုလည်း ၁၀၂၇ ဒုတိယလှိုင်းမှာ MDY-PDF က ဦးဆောင်သိမ်းယူထားပြီး ဒီနေ့အချိန်ထိ မတ္တရာမြို့တောင်ဘက်အထွက်က ကျောက်တံတားကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားနေတုန်းလို့ သိရပါတယ်။

ဒါ့အပြင် နေပြည်တော်က တပ်ရင်းတခုနဲ့ မန္တလေးက ပျူစောထီးသင်တန်းဆင်း အများအပြားကိုလည်း ထီးတော်မိုးတပ်ကို အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ 

မတ္တရာအရှေ့ခြမ်းက တော်လှန်ရေးတပ်တွေသိမ်းယူထားတဲ့ ဖယောင်းတောင်အနီးကိုလည်း မကြာခဏ လေကြောင်းတိုက်ခိုက်နေသလို မတ္တရာမြို့နယ် မကျရေးကို လေကြောင်းကနေ အကာကွယ်ပေးနေတယ်လို့ သိရပါတယ်။

ပုံစာ - စက်တင်ဘာ ၂၁ ရက်က သုံးဆယ်ပေးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့နေပုံ။ 

မြေလတ်အသံ

#မန္တလေးမြို့ #မတ္တရာမြို့ #စစ်ကောင်စီ #မတ္တရာမြို့  #ထီးတော်မိုးတပ် #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10