မန္တလေးမြို့ပေါ်ရဲစခန်းနဲ့ထွေအုပ်ရုံးတွေမှာ လုံခြုံရေးထပ်တိုး၊ မြို့ပေါ်တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ စစ်ကောင်စီသတိပေး

မန္တလေးမြို့ပေါ်ရဲစခန်းနဲ့ထွေအုပ်ရုံးတွေမှာ လုံခြုံရေးထပ်တိုး၊ မြို့ပေါ်တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ စစ်ကောင်စီသတိပေး

မန္တလေးမြို့ပေါ်ရှိ ရဲစခန်းနဲ့ထွေအုပ်ရုံးတွေမှာ ဘန်ကာတွေနဲ့သဲအိတ်တွေကာပြီး လုံခြုံရေးထပ်တိုးထားကာ မြို့တွင်းနေရာတချို့မှာလည်း တိုက်ပွဲတွေဖြစ်လာနိုင်ကြောင်း စစ်ကောင်စီဘက်က သတိပေးထားတယ်လို့ စစ်တပ်အသိုင်းဝိုင်းကနေ သိရပါတယ်။

ဇူလိုင် ၂၄ ရက် မနက်ပိုင်းကစပြီး မန္တလေးမြို့တွင်းက ရဲစခန်းနဲ့ထွေအုပ်ရုံးတွေရှေ့မှာ ကားတစီးစာနေရာသာချန်ပြီး လမ်းအပြည့် ဘန်ကာတွေချထားတာလို့ သိရပါတယ်။

"အရင်ကတည်းက ဘန်ကာတွေချ၊ Slow down တွေလုပ်ထားတယ်။ အခုက လေးလမ်းသွားကို သုံးလမ်းပိတ်ပြီး ကားတစီးစာလေးချန်ထားတာ။ တမြို့လုံးကစခန်းတွေ အကုန်လုပ်ထားတယ်"လို့ မြို့ခံတဦးက ပြောပါတယ်။

ရဲစခန်းတွေရှေ့မှာ သံဆူးကြိုးနဲ့ဘန်ကာတွေချထားသလို သဲအိတ်၊ သံစည်ပိုင်းနဲ့ သဲအပြည့် ကာထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က သူတို့နဲ့နီးစပ်ရာအသိုင်းဝိုင်းတွေကို မြို့တွင်းကနေပြောင်းရွှေ့လိုပါက ပြောင်းရွှေ့ကြဖို့နဲ့ မြို့တွင်းမှာ ပြောက်ကျားတိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် သတိထားနေကြဖို့ကို သတိပေးထားတယ်လို့လည်း သိရပါတယ်။

"ရဲတွေနဲ့ စစ်သားတွေကိုတော့ ၂၄ နာရီသတိနဲ့နေဖို့ အရင်လကတည်းက သတိပေးထားတယ်။ အခုက အရပ်ဘက်ရုံးဝန်ထမ်းတွေနဲ့ မိသားစုတွေကို သတိပေးတာ။ အရာရှိကြီးတွေရဲ့ မိသားစုတချို့ဆို ရွှေ့ပြီးသွားပြီ"လို့ ဝန်ထမ်းမိသားစုဝင်တဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းကို ရှမ်း-မန်း စစ်ဆင်ရေးအဖြစ် နာမည်ပြောင်းခဲ့ပြီး တိုက်ပွဲတွေက မန္တလေးမြို့နဲ့နီးကပ်လာချိန်မှာ စစ်တပ်ကအခုလို ပြင်ဆင်သတိပေးတာတွေပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ 

ဇူလိုင် ၂၅ ရက် မနေ့ကညနေပိုင်းကလည်း မန္တလေးမြို့မြောက်ဘက် ၁၀ မိုင်အကွာက မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကေင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ရှမ်း-မန်းစစ်ဆင်ရေးစတင်ခဲ့တဲ့ ဇွန် ၂၅ ရက်ကနေ လက်ရှိအချိန်အထိ မန္တလေးတိုင်းအတွင်းက စဉ့်ကူးမြို့နဲ့ မိုးကုတ်မြို့ကို ဒေသခံကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်တာလည်း ဖြစ်ပါတယ်။ 

ပုံစာ - မန္တလေးမြို့အတွင်း စစ်ကောင်စီအဖွဲ့များ လမ်းပိတ်တားဆီးမှုများ ပြုလုပ်နေစဥ်။ (ပုံဟောင်း)

သတင်း - N၊ စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #၁၀၂၇စစ်ဆင်ရေး #ရှမ်း-မန်းစစ်ဆင်ရေး #လုံခြုံရေးတိုးမြှင့် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10