မန္တလေးမြို့မှာစစ်မဖြစ်ရေးဟုဆိုကာ စစ်တပ်က လက်သပ်မွေးထားတဲ့ ပျူစောထီးတွေဆန္ဒပြ

မန္တလေးမြို့မှာစစ်မဖြစ်ရေးဟုဆိုကာ စစ်တပ်က လက်သပ်မွေးထားတဲ့ ပျူစောထီးတွေဆန္ဒပြ

မန္တလေးနန်းတွင်းရှေ့ ရှော့တိုက်ဒုံးနဲ့ ထပ်ပစ်ခံရပြီးတဲ့နောက်မှာ မန္တလေးမှာ စစ်ကောင်စီက လက်သပ်မွေးထားတဲ့ ပျူစောထီးတွေနဲ့ ဘုန်းကြီးတွေဦးစီးပြီး မန္တလေးမြို့စစ်မဖြစ်ရေးဆိုကာ သြဂုတ် ၂၉ ရက် ဒီနေ့မှာ ဆန္ဒပြခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

မန္တလေးနန်းတွင်းကို ရှော့တိုက်ဒုံးနဲ့ မနေ့ကနေ့လယ်မှာ တိုက်ခိုက်ခံရတာလို့ နန်းတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

အဲ့ဒီနောက် ဒီနေ့မနက်မှာ မန္တလေးမြို့ကြီး ငြိမ်းချမ်းဖို့ဆိုပြီး စစ်ကောင်စီထောက်ခံသူတွေက ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က ထုတ်ပြန်လာတဲ့ဓာတ်ပုံတွေအရ စစ်တပ်ဝန်ထမ်းအိမ်ယာတွေရှိတဲ့ ကျုံးအရှေ့ဘက်မှာ စုရပ်လုပ်ခဲ့ပြီး မန္တလေးတောင်နဲ့ ဘုရားကြီးရှေ့တို့မှာ ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းဖို့အရေးနဲ့ မန္တလေးမြို့မပျက်စီးရေးဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြနေတာကို တွေ့ရပါတယ်။

အဲ့ဒီအထဲက ပုဆိုးအနီ၊ တီရှပ်အနက်ရောင်နဲ့ စတစ်အဖြူရောင်ဝတ်ထားတဲ့ လူငယ်တွေဟာ စစ်ကောင်စီက ပျူစောထီးသင်တန်းပေးထားတဲ့ မန္တလေးမြို့ ကျူးကျော်ရပ်ကွက်တွေက လူငယ်တွေဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။  

"ပြောရရင် လူမိုက်ပေါက်စလေးတွေကို ခေါ်ထားတာပေါ့။ နားအပေါက်ကြီးကြီးဖောက်ထားတဲ့ကောင်တွေ၊ တက်တူးအပြည့်နဲ့ကောင်တွေ၊ ပုံမှန်ဆို တီရှပ်အစိမ်းရောင်ကို မြန်မာအလံရင်ဘတ်မှာ ရိုက်ထားတဲ့ အင်္ကျီဝတ် ထားတဲ့ ပျူစောထီးတွေ။ အခုအဝတ်လဲပြီး ဆန္ဒပြန်ပြနေတာ"လို့ ဆိုပါတယ်။ 

အဲ့ဒီလူငယ်တွေဟာ သြဂုတ်လအတွင်းကပဲ မန္တလေးမြို့ခံတွေကို တရုတ်မုန်းတီးရေးစာတွေ ဖြန့်ဝေခဲ့တဲ့သူလည်း ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ကို တော်လှန်ရေးတပ်တွေ ဝင်တိုက်မယ်ဆိုတဲ့သတင်းတွေဟာ စစ်ကောင်စီဘက်မှာ ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်နေပြီး အစိုးရဌာနရုံးတွေ အကုန်လုံးကိုလည်း အချက်အလက်တွေပေးပြီး ကြေညာချက်တွေ ထုတ်ထားတယ်လို့ သိရပါတယ်။

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေး #နန်းတွင်း #စစ်ကောင်စီ #ဘုန်းကြီး #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10