မန္တလေးမြို့မှာ စက်သုံးဆီပြတ်လပ် ဆီဆိုင်ကြီးများအပြင် လမ်းဘေးဆိုင်တွေပါ ပိတ်ထားရ (ရုပ်/သံ)

မန္တလေးမြို့မှာ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေပြီး ဆီဆိုင်အများစု အရောင်းပိတ်ထားတယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။

ဇူလိုင်လ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ မန္တလေးမြို့က လမ်းဘေးစက်သုံးဆီဆိုင်တွေပါ အရောင်းပိတ်ထားရပြီး ဆိုင်အကြီးတွေထဲက BOC တခုသာဖွင့်ထားတယ်လို့သိရပါတယ်။

အဲဒီဆီဆိုင်မှာလည်း ဆီတန်းစီနေတဲ့ကားတွေ ရာနဲ့ချီရှိနေပြီး အနီးနားတဝိုက် လမ်းပိတ်ဆို့ကာ ယာဉ်မတော်တဆမှုတွေဖြစ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

 လက်ရှိမန္တလေးမြို့ ဆီဆိုင်တွေမှာ ဒီဇယ်တမျိုးတည်းသာရောင်းချပြီး ဓာတ်ဆီ 92, 95 အရောင်းပိတ်ထားကြောင်း ဆိုင်းဘုတ်ထောင်ထားကာ ယခင်ဆီပြတ်တာတွေထက် ဒီတခေါက်ပိုဆိုးတယ်လို့ ဆိုကြ ပါတယ်။ 

ယခင်စက်သုံးဆီပြတ်လပ်မှုတွေမှာ  လမ်းဘေးဆီဆိုင်တွေမှာ စျေးပိုပေးပြီး ဆီဖြည့်လို့ရပေမယ့် အခု တော့ ဆိုင်အကြီး၊အသေးအားလုံးနီးပါးမှာ ပြတ်ကြတာလို့ မြို့ခံတဦးက ပြောပါတယ်။

ဆီကားရောက်လာချိန်မှာ ဆီဆိုင်တချို့ဖွင့်လှစ်ရောင်းချပေးပေမယ့် ရောင်းချချိန် ၁ နာရီလောက်သာ ရောင်းချနိုင်ပြီး 92 ဓာတ်ဆီ ၁ လီတာ ၅၀၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

နာမည်ကြီးဆီဆိုင်တွေထဲက Denko ဆိုင်မှာ ဒီမနက်ပိုင်းက ဖွင့်လှစ်ရောင်းချပေးပေမယ့် အချိန် ၃နာရီ ခန့် တန်းဆီဝယ်ယူကြပြီးတဲ့နောက် ဆီပြတ်လပ်သွားတယ် လို့လည်း နောက်ထပ်မြို့ခံတဦးကလည်း ပြောပါတယ်။

ယခုလို စက်သုံးဆီပြတ်လပ်မှုဟာ ၁ ပတ်နီးပါးအထိရှိလာကာ ယခင်ကထက်ပိုဆိုးလာနေပြီး ဓာတ်ဆီ ပြတ်လပ်မှုကြောင့် အငှားယာဉ်ခစျေးနှုန်းတွေ မြင့်တက်နေကာ ခရီးသယ်တင်ယာဉ်လိုင်းတချို့ ပြေးဆွဲ တာတွေကို ရပ်နားထားတယ်လို့ သိရပါတယ်။

သတင်း - ဟေမာန်၊ စာတည်း - နွေဦးငြိမ်းချမ်း

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မန္တလေး #စက်သုံးဆီပြတ်လပ် #ဆီဆိုင်များပိတ်ထား #အငှားယာဉ် #စျေးနှုန်း #မြင့်တက် #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10