မန္တလေးမြို့မှာ တပတ်အတွင်းလူငယ် ၇ ဦး ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်နေ

မန္တလေးမြို့မှာ တပတ်အတွင်းလူငယ် ၇ ဦး ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်နေ

မန္တလေးမြို့မှာ တပတ်အတွင်း အမျိုးသမီး ၁ ဦးအပါ လူငယ် ၇ ဦး ဖမ်းဆီးခံထားရပြီး ကျုံးဘေးပတ်ပတ်လည်မှာ စစ်တပ်ကလုံခြုံရေးအပြည့်ချကာ ဖုန်းတွေကိုပါ စစ်​ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မန္တလေးမြို့ကို စက်တင်ဘာလ တတိယအပတ်အတွင်းကစတင်ကာ စစ်တပ်က ကျုံးပတ်လည်စစ်သားအပြည့်ချထားပြီး ဖုန်းတွေကိုပါစစ်ဆေးနေတာလို့ မြို့ခံတွေကပြောပါတယ်။

"ကျုံးမြောက်ဘက် ၁၂ လမ်း၊ လမ်း ၈၀ နားမှာ ပစ္စည်းပို့တဲ့ကောင်လေးဖုန်းထဲက သူ့သူငယ်ချင်း PDF တယောက်နဲ့ ပြောထားတာတွေ့ပြီး ဖမ်းသွားတယ်။ နောက်ထပ် ကောင်မလေးတယောက်က ကျုံးတောင်ဘက်မှာဖုန်းစစ်ပြီးတော့ပဲ ဖမ်းသွားတာ"လို့ မြို့ခံတဦးက ပြောပါတယ်။

စက်တင်ဘာ တတိယပတ်အတွင်း အောင်မြေသာစံမြို့နယ်မှာ အသက်၂၀ ဝန်းကျင်အမျိုးသား ၁ ဦး၊ စက်တင်ဘာ၂၁ ရက် ညနေပိုင်းမှာ ဧည့်စာရင်းဝင်စစ်ရင်း ဖုန်းစစ်ပြီး အမျိုးသား ၂ ဦး၊စက်တင်ဘာ ၂၂ မှာ ၆၃ လမ်းပေါ်မှာသွားလာနေသူ အမျိုးသား ၂ ဦး၊ ကျုံးမြောက်ဘက်မှာ ဖုန်းစစ်ကာ ပစ္စည်းပို့သူအမျိုးသား ၁ ဦးနဲ့ ကျုံးတောင်ဘက်မှာ ပုဂ္ဂလိကဝန်ထမ်းအမျိုးသမီး ၁ ဦးတို့ ဖမ်းဆီးခံထားရတာလို့ သိရပါတယ်။

ဒီတပတ်အတွင်း ဖမ်းဆီးခံရသူတွေဟာ ဒီနေ့အထိ အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့အထိ မန္တလေးကျုံးဘေးပတ်လည်မှာ စစ်အင်အားအများအပြားချကာ မြို့တွင်းနေရာတချို့မှာလည်း ဖုန်းတွေစစ်ဆေး ဖမ်းဆီးမှုတွေရှိနေပြီး ယခုရရှိတဲ့အချက်အလက်ဟာ မြေလတ်အသံက စုံစမ်းရရှိသလောက်သာဖြစ်ပြီး မြေပြင်မှာဒီထက်ပိုများနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပုံစာ - စက်တင်ဘာ ၂၁ ရက်က မန္တလေးကျုံးမြောက်ဘက် ၁၂ လမ်းနှင့် လမ်း ၈၀ နားတွင် ဖုန်းစစ်ဆေးရာမှ ဖမ်းခံလိုက်ရသော ပစ္စည်းပို့သူ။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #လူငယ် #အမျိုးသမီး #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10