မန္တလေးမှထွက်လာတဲ့ စစ်သင်္ဘော ၉ စီး ဝိုင်းဝန်းတိုက်ခံရလို့ ၁ စီးနစ်မြုပ်ဟု PDF ပြော

မန္တလေးမှထွက်လာတဲ့ စစ်သင်္ဘော ၉ စီး ဝိုင်းဝန်းတိုက်ခံရလို့ ၁ စီးနစ်မြုပ်ဟု PDF ပြော

မန္တလေးမှ လက်နက်၊ ရိက္ခာတွေတင်ဆောင်ပြီး ဗန်းမော်ဘက်ကိုသွားတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၉ စီးကို ဇူလိုင် ၂၇ ရက် နေ့လယ် ၁ နာရီကျော်မှာ PDF ပူးပေါင်းအဖွဲ့တွေက ကျောက်မြောင်းမြို့အထက်နားမှာ တိုက်ခိုက်ခဲ့ရာ သင်္ဘော ၁ စီးနစ်မြုပ်ပြီး ၂ စီး ပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ဟာ မှန်ကန်ကြောင်းနဲ့ အင်တာနက်အခက်အခဲကြောင့် ရိုက်ကူးထားတဲ့ရုပ်သံဖိုင်တွေ ပေးပို့ရန် အခက်အခဲဖြစ်နေတယ်လို့ စစ်သင်္ဘောတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ စဉ့်ကူးမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တခြားသော ဒေသကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့ထံကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်စုံစမ်းကြည့်ရမှာလည်း မှန်ကန်ကြောင်းအတည်ပြုပါတယ်။ 

စဉ့်ကူးမြို့နယ်၊ ဆည်သည်ရွာမှာ ညအိပ်ရပ်နားပြီး ဗန်းမော်ကို ဆက်ထွက်လာတဲ့ အဲ့ဒီစစ်သင်္ဘော ၉ စီးဟာ ကျောက်မြောင်းအထက်နားအရောက်မှာ အခုလိုတိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီသင်္ဘော ၉ စီးကို ခင်ဦး၊ သပိတ်ကျင်း၊ စဉ့်ကူး၊ ကျောက်မြောင်းမြို့နယ်ဘက်တွေမှာ PDF အဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သင်္ဘောတစီးမှာ နစ်မြုပ်ကာ ၂ စီးမှာ စက်ရပ်သွားတယ်လို့ ဆိုပါတယ်။

"ကျနော်တို့အဖွဲ့တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လိုက်တဲ့အချိန်မှာ သင်္ဘောတစီးက ရေလယ်ကောင်မှာ ဆိုက်ထိုးမြုပ်သွားတယ်။ ၂ စီးကတော့ စက်ရပ်သွားတယ်။ အဲ့ဒါတွေကို ကျန်သင်္ဘောတွေက တွဲယူသွားရတယ်" လို့ မြေပြင်အခြေအနေကိုသိရှိထားတဲ့ စဉ့်ကူးမြို့နယ်ထဲက PDF ရဲဘော်တဦးက ပြောပါတယ်။

လက်ရှိမှာ သင်္ဘောတွေဟာ ဘယ်နေရာကိုမှ ဆက်မသွားသေးဘဲ သပိတ်ကျင်းမြို့နယ်မှာ ဆိုက်ကပ်ထားသလို သပိတ်ကျင်း ဆေးရုံကြီးမှာလည်း ဒဏ်ရာရစစ်ကောင်စီတပ်သား ၁၀၀ ဦးခန့် ဆေးကုမှုခံယူနေကြတယ်လို့ အထက်ပါ PDF ရဲဘော်က ပြောပါတယ်။

စစ်သင်္ဘောတွေ သပိတ်ကျင်းမြို့မှာ ရပ်နားထားစဉ် မနေ့ညနေပိုင်းကလည်း ဒေသကာကွယ်ရေးအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

"ဝက်လက်အရှေ့ဘက်အရောက်မှာ ကျနော်တို့ ပစ်တာ ကျော်သွားတယ်ဗျ။ အထက်ပိုင်းက တပ်ရင်း၊ တပ်ဖွဲ့တွေလည်း ဝိုင်းထုတာ သင်္ဘောကို မှန်တယ်။ အခုသင်္ဘော ၂ စီးလား၊ ၁ စီးလား မသိ၊ မောင်းမရဖြစ်နေတာ။ သပိတ်ကျင်းရောက်တော့ ခင်ဦးဘက်က အဖွဲ့နဲ့ ရွှေဘိုဘက်ကအဖွဲ့တွေ ဝိုင်းပစ်ကြတာ" လို့ ဝက်လက် PDF မှ ရဲဘော်တဦး က ပြောပါတယ်။

အဆိုပါစစ်သင်္ဘော ၉ စီးဟာ ဇူလိုင် ၂၆ ရက်မှာ မန္တလေးမြို့ကနေ စတင်ထွက်ခွာလာတဲ့အချိန် မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာ အနီးအရောက်မှာ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံသားအမိ ၂ ဦး ကျည်ထိမှန်ခဲ့ပါသေးတယ်။ 

ဒါ့အပြင် အဲ့ဒီသင်္ဘောတွေဟာ ဘယ်နေရာမှ မရပ်တန့်ဘဲ ဆက်တိုက်မောင်းပါက ဗန်းမော်မြို့နယ်ကို ၅ ရက်အထိ ကြာနိုင်တယ်လို့ PDFတွေက ခန့်မှန်းကြပါတယ်။

ပုံစာ - မန္တလေးမှ  ဗန်းမော်ဘက်သို့ ထွက်ခွာလာသည့် စစ်သင်္ဘော၉ စီးအား ဇူလိုင်၂၆ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ မင်းရဲလှကျေးရွာအနီး၌ မြင်တွေ့ရစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေး #ရိက္ခာ #ဗန်းမော်ဘက် #စစ်သင်္ဘော #သင်္ဘောမြုပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10