မန္တလေးမှာ စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လူသစ်ထပ်ခေါ်နေပြီး လမ်းပေါ်ဖမ်းဆီးမှုတွေလည်းရှိနေ    ■ အမည်စာရင်းပါသူတွေ ငွေကျပ်သိန်းဆယ်ချီ ပေးနေရတယ်လို့ဆို

မန္တလေးမှာ စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လူသစ်ထပ်ခေါ်နေပြီး လမ်းပေါ်ဖမ်းဆီးမှုတွေလည်းရှိနေ ■ အမည်စာရင်းပါသူတွေ ငွေကျပ်သိန်းဆယ်ချီ ပေးနေရတယ်လို့ဆို

 

မန္တလေးမြို့မှာ စစ်ကောင်စီတပ် စစ်မှုထမ်းအပတ်စဥ် ၇ အတွက် လူသစ်ထပ်မံခေါ်ယူတာတွေပြုလုပ်နေပြီး လမ်းပေါ်သွားလာနေသူတချို့လည်း ပေါ်တာဆွဲဖမ်းဆီးခံရမှုရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အပတ်စဥ် ၇ အတွက် စစ်မှုထမ်းခေါ်ယူမယ့်စာတွေကို အောက်တိုဘာလဒုတိယအပတ်မှာ ရပ်ကွက်အလိုက် နေအိမ်တွေကို စာပို့တာတွေလုပ်ဆောင်ခဲ့ပြီး ချမ်းမြသာစည်မြို့နယ်အတွင်းနေထိုင်သူ ညီအကို ၂ ဦးလုံး စစ်မှုထမ်းပါတာကြောင့် ကျပ်သိန်း ၄၀ ကျော်အထိ ၎င်းတို့နေထိုင်ရာရပ်ကွက်က အုပ်ချုပ်ရေးမှူးကိုပေးခဲ့ရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

"အိမ်အလုပ်နဲ့ ရှောင်လို့မရတော့ ပေးရတာပေါ့။" လို့ အဆိုပါ စစ်မှုထမ်းအမည်စာရင်းပါဝင်သူ လူငယ်အမျိုးသားက ပြောပါတယ်။

အလားတူ အောင်မြေသာစံ၊ မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေမှာလည်း နေအိမ်တွေကို စစ်မှုထမ်းဆင့်ခေါ်စာတွေ ပို့လာတာကြောင့် ရှောင်တိမ်းနေရတဲ့လူငယ်တွေလည်းရှိတယ်လို့ သိရပါတယ်။

မန္တလေးမြို့က ရပ်ကွက်တွေမှာ စစ်မှုထမ်းစာရင်းပါရင် ငွေကျပ် ၁၀ သိန်းကနေ ကျပ်သိန်း ၅၀ အထိ ပေးနေရပြီး မပေးနိုင်တဲ့လူငယ်တွေက ရှောင်တိမ်းနေရတာလို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် မနေ့ညပိုင်းက မဟာအောင်မြေမြို့နယ် လမ်း၈၀၊ ၃၈ လမ်းနဲ့ ၃၉ လမ်းကြားမှာ လူငယ် ၃ ဦး လမ်းပေါ်သွားလာနေစဥ် စစ်ကောင်စီတပ်ကား ၁ စီးက ကားပေါ်ဆွဲတင်သွားတယ်လို့ မြို့ခံတွေထံကသိရပြီး အဲ့ဒီလူငယ်တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာ စစ်တပ်က မန္တလေး၊ တံတားဦး၊ ကျောက်ဆည်၊ မြစ်ငယ်မြို့ ပတ်ဝန်းကျင် ကျေးရွာတွေနဲ့ မြို့ပေါ်တွေမှာ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါသေးတယ်။

ပုံစာ - စစ်ကောင်စီတပ်ဖွဲ့ဝင်များ တံတားဦးမြို့နယ်အတွင်း လမ်းသွားလမ်းလာတွေကို ဖမ်းဆီးနေစဉ်။ (ပုံဟောင်း)

#မြေလတ်အသံ

#မန္တလေး #စစ်မှုထမ်း #လူသစ်စု #ပေါ်တာဆွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10