မန္တလေးမှာ တရက်တည်း ရဲနှစ်ယောက် ပစ်သတ်ခံရ

မန္တလေးမှာ တရက်တည်း ရဲနှစ်ယောက် ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်နဲ့ပုသိမ်ကြီးမြို့နယ်မှာ ၁ ရက်တည်း ရဲ ၂ ယောက်ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဧပြီလ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာနဲ့ တူရွင်းဘိုကျေးရွာကြား မြင်းခြံ-မြို့သာသွားကားလမ်းပေါ်မှာ ဆိုင်ကယ်နဲ့လာတဲ့ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲကင်းစခန်းက ရဲတပ်သား ၁ ဦး ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။


"မြင်းခြံက ရဲတယောက်က စခန်းကနေ သူတို့မြို့နယ်ရဲရုံးကို စာသွားပို့တယ်လို့ သိရတယ်။ အဲဒီအချိန်မှာ ပစ်သတ်ခံရတာ။ ပုသိမ်ကြီးက ရဲကတော့ ဓာတ်အားခွဲရုံတာဝန်ကျနေရာကနေ ကွမ်းထွက်ဝယ်ချိန် ပစ်သတ်ခံရတာ" လို့ ပြောပါတယ်။

ညနေ ၅ နာရီကျော်ခန့်မှာ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ အောင်ချမ်းသာ ဓါတ်အားခွဲရုံတာဝန်ကျ ပုသိမ်ကြီးမြို့မရဲစခန်းမှ ရဲ ဒုတပ်ကြပ် အောင်နွယ်စိုးဟာ အောင်ချမ်းသာဓါတ်အားခွဲရုံရှေ့ ကွမ်းယာဆိုင်မှာ ကွမ်းယာထွက်ဝယ်နေစဥ် ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်သူတွေဟာ ရဲဒုတပ်ကြပ်အောင်နွယ်စိုး ကိုင်ဆောင်တဲ့ MA-13 အမျိုးအစား၊ သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ကျည်ဘောက် ၁ ခုကိုပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

သေနတ်သမားတွေရဲ့ ပစ်ခတ်လို့ သေဆုံးသွားတဲ့ ရဲ ၂ ဦးရဲ့ အလောင်းတွေကိုတော့ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံနဲ့ ပုသိမ်ကြီးဆေးရုံတွေကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှု ၂ ခုကိုတော့ ဘယ်အဖွဲ့တွေက ဘာကြောင့်လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ဖော်ပြထားတာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့က ပုသိမ်ကြီးမြို့လမ်းပေါ်မှာ ဆိုင်ကယ်နဲ့လာတဲ့ ရဲ ၂ ဦး ပစ်ခတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10