မန္တလေးမှာ ဝန်ထမ်းလစာတိုးပေးတဲ့လုပ်ငန်းတချို့ ချိပ်ပိတ်ခံရ

မန္တလေးမှာ ဝန်ထမ်းလစာတိုးပေးတဲ့လုပ်ငန်းတချို့ ချိပ်ပိတ်ခံရ

မန္တလေးမြို့မှာ ကုန်စျေးနှုန်းတက်လို့ ဝန်ထမ်းတွေကို လစာတိုးပေးတဲ့လုပ်ငန်းရှင်းတချို့ ဇွန် ၁၃ ရက် ဒီနေ့မှာ အဖမ်းခံရပြီး လုပ်ငန်းပါ ချိပ်ပိတ်ခံလိုက်ရတယ်လို့ မန္တလေးမြို့ခံတွေဆီက နေသိရပါ တယ်။

အဲဒီလိုဝန်ထမ်းတွေကို လစာတိုးပေးတဲ့အတွက် လုပ်ငန်းရှင်အဖမ်းခံရပြီး လုပ်ငန်းချိပ်ပိတ်ခံရတာဟာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ လုပ်ငန်းရှင် ၁၀ ဦး ထက်မနည်း ရှိတယ်လို့ မန္တလေးမြို့ခံတွေဆီက နေသိရပါတယ်။

ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဝန်ထမ်းလစာတိုးမြှင့်ပေးမယ့်အကြောင်းကြေညာခဲ့တဲ့ ဆိုင်တွေနဲ့ ကုမ္ပဏီပိုင်ရှင်တွေကို စစ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်မြို့က ဇော်မိုဘိုင်း၊ ဘဝသစ် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနဲ့ မန္တလေးမြို့တို့က Power Mobile တို့ ယခုလိုချိပ်ပိတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

"နေ့လယ် ၁၂ နာရီလောက်က လမ်း ၈၀ နဲ့ ၃၈ လမ်းက Power Mobile ကို စစ်တပ်နဲ့ ရဲတွေရောက်လာပြီး တံခါးပိတ်ချလိုက်တယ်။ ၁ နာရီကျော်လောက်မှာ ဆိုင်ကို ချိပ်ပိတ်လိုက်တာတွေ့ရတယ်။ လစာတိုးတဲ့ ကိစ္စလို့တော့ကြားတယ်” လို့ မန္တလေးမြို့ခံတဦးကပြောပါတယ်။

ဝန်ထမ်းတွေကို လစာတိုးပေးတာကြောင့် အခုလိုချိပ်ပိတ်ခံရတယ်လို့သတင်းထွက်နေပေမယ့် တိတိကျကျကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒါ့အပြင် မန္တလေးမြို့က ဖုန်းဆိုင်တွေကို ဒီနေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လိုက်လံစစ်ဆေးတာတွေပြုလုပ်နေ ပြီး ဘာကြောင့်စစ်ဆေးတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ 

မန္တလေးမြို့က လူငယ်တွေတည်ထောင်ထားတဲ့ လုပ်ငန်းတခုကိုလည်း ဝန်ထမ်းလစာတိုးပေးတာနဲ့ ဝန်ထမ်း လစာကို ထိုင်းဘတ်ငွေပေးတာတွေကြောင့် စစ်တပ်က အမှုဖွင့်ထားတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

"ဒီနေ့ မနက်သတင်းတွေထွက်တော့မှ ကျွန်တော်လည်း စုံစမ်းမိတာ။ အမှုဖွင့်ခံထားရတဲ့အထဲ ကျနော်တို့ ကုမ္ပဏီပါနေတယ်။ လစာတိုးပေးတဲ့ ကိစ္စတခုတည်းနဲ့ ဖွင့်တာ" လို့ မန္တလေးက လူငယ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခဲ့ပြီးနောက် ဝန်ထမ်းတွေရဲ့ အခြေခံလစာနဲ့ မလောက်ငှလို့ ကုမ္ပဏီတွေက ဝန်ထမ်းလစာတိုးမြှင့်ပေးမယ့်အကြောင်း ကြေညာခဲ့တာကြောင့် စစ်တပ်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်သားများအား မန္တလေးမြို့တွင်း၌ တွေ့ရစဉ်။ (ပုံဟောင်း)

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးမြို့ #ကုန်စျေးနှုန်း #ဝန်ထမ်း #လစာ #ချိပ်ပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10