မန္တလေးမှာ အဆောက်အဦဟောင်းတခုပြိုကျလို့ အမျိုးသမီး ၁ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

မန္တလေးမှာ အဆောက်အဦဟောင်းတခုပြိုကျလို့ အမျိုးသမီး ၁ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၉x၂၀နဲ့ ၈၆x၈၇လမ်းကြားရှိ အဆောက်အဦဟောင်းတခုပြိုကျခဲ့လို့ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရှိသူတွေထဲက အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက် ဒီကနေ့မနက် ၂ နာရီလောက်မှာ (၆၅×၅၀)ပေ အုတ်ညှပ်တထပ် လူနေအဆောက်အဦ ပြိုကျခဲ့တာဖြစ်ပြီး ယခင်က ဟိန္ဒူဘုရားကျောင်းအဟောင်းအဖြစ်အသုံးပြုခဲ့တဲ့အဆောက်အဦလို့ သိရပါတယ်။

" ဒီအဆောက်အဦက အရင်ဦးကျားကြီး(မန္တလေးဦးကျားကြီး)တို့ခေတ်ထဲက အဆောက်အဦလို့ပြောတယ်။ အရင်ဆယ်စုနှစ်ကျော်က မန္တလေးမီးအကြီးအကျယ်လောင်ခဲ့တုန်းကလည်း မီးလောင်ထားတဲ့ အဆောက်အဦတဲ့။ အဲဒီအဆောက်အဦပြိုကျတာ"လို့ ရပ်ကွက်နေပြည်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒဏ်ရာရရှိသူ ၈ ဦးကို မန္တလေးဆေးရုံကြီးကိုပို့ဆောင်ကုသစဉ် အသက် ၅၀ အရွယ် ဒေါ်စန်းကြင် ဆိုသူ အမျိုးသမီးဟာ ရရှိဒဏ်ရာတွေနဲ့ဆေးရုံမှာ သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ပြိုကျခဲ့တဲ့အဆောက်အဦမှာ  အိမ်ထောင်စု ၂၁ စု၊ အမျိုးသား ၂၅ ဦးနဲ့အမျိုးသမီး ၃၅ ဦးစုစုပေါင်း လူဦးရေ ၆၀ဝန်းကျင် နေထိုင်ကြတယ်လို့ မြို့ခံတွေ ထံက သိရပါတယ်။

#မြေလတ်အသံ

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10