မန္တလေး လပခ ကို ၃ ကြိမ်မြောက် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်လို့ ထိခိုက်သူများပြား

မန္တလေး လပခ ကို ၃ ကြိမ်မြောက် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်လို့ ထိခိုက်သူများပြား

မန္တလေးတိုင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စက်တင်ဘာ ၂၉ ရက် ဒီကနေ့မနက် ၂ နာရီခွဲလောက်မှာ ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar - BWM ကတဆင့် သိရပါတယ်။

ရှော့တိုက်ဒုံး ၆ လုံးပစ်ခတ်ခဲ့ပြီး ၂ လုံးက ရှမ်းမြောက်ကိုစစ်ဆင်ရေးသွားမယ့် စစ်သားတွေနေတဲ့ အဆောက်အဦ ၂ ခုကို ထိမှန်ကာ ၂ လုံးကတော့ လပခဝန်းထဲက အဆောက်အဦမရှိတဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ လုံးကတော့ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

“ဘားတိုက်အဆောက်အဦ ၂ လုံးကို သွားထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်ထိခိုက်တယ်လို့ သိရပါတယ်။ သေဆုံးမှုရှိမရှိကိုတော့ စုံစမ်းနေဆဲပါ။ လပခထဲက ကား ၂ စီးလည်း ထိသွားတယ်လို့ သိရတယ်၊ နောက်ထပ် အပျက်အစီးအထိအခိုက်က ဆက်စုံစမ်းနေဆဲပါ။”လို့ BWMရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့စီမံမှုနဲ့ Shadow Mandalay အဖွဲ့က ဖော်ဆောင်ခဲ့တာဖြစ်ပြီး ရာသီဥတုအခြေအနေကြောင့် အချိန်ယူပြီးမှ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ရဲဘော်တွေက အတွင်းစည်းအထိ အမြန်ဝင်ပစ်ပြီး အမြန်ပြန်ထွက်နိုင်ခဲ့တယ်၊ ရုတ်တရက် **တွေဘက်က ဘယ်ကပစ်မှန်းမသိတော့ နေရာလိုက်ရှာနေကြတယ်၊ ပစ်ပြီး ၁၅ မိနစ်လောက်မှာ စစ်ကား ၂ စီး မီးထိုးပြီး ပတ်ရှာနေတာတွေ့ရပါတယ်။”လို့ သူကဆက်ပြောပါတယ်။

BWM အနေနဲ့ လပခကို ဒီကနေ့တိုက်ခိုက်မှုဟာ ၃ ကြိမ်မြောက်ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာမှာ ပထမအကြိမ်၊ စက်တင်ဘာ ၃ ရက်မှာ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ အရာရှိအပါအဝင် ၁၅ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရှုံးနိမ့်ပြီးနောက် စစ်ကောင်စီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ကို အင်အားအများအပြား ဖြည့်တင်းနေသလို ရှမ်းမြောက်ကို ထိုးစစ်ဆင်ဖို့ လပခထဲမှာ အင်အားတိုးချဲ့နေတဲ့အတွက် ခုလိုတိုက်ခိုက်ခဲ့တာလို့လည်း Brave Warriors for Myanmar ဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #လပခ #ရှော့တိုက်ဒုန်းပစ်ခတ် #ထိခိုက် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10