မန္တလေး-မုံရွာလမ်းပိုင်းမှာ မိုင်းကွဲလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၂ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲကျေးရွာနဲ့ မအူကျေးရွာအကြား မန္တလေး-မုံရွာလမ်းပိုင်းမှာ ဧပြီလ ၄ ရက် မနေ့ မနက် ၉ နာရီခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
မုံရွာမြို့အဝင် တိုးဂိတ်ဟောင်းအနီးမှာ မိုင်း ၂ လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးနင်းသူ အမျိုးသမီး ၁ ဦးသေဆုံးကာ ကုန်တင်ကားယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"ပြောရမယ်ဆိုရင် ကားနဲ့ဆိုင်ကယ်နဲ့က မန္တလေးဘက်ကနေ မုံရွာဘက်ကို မောင်းလာတာ။ သူတို့လည်း ဖြစ်တဲ့နေရာကို အရောက် ၁ လုံး အရင်ကွဲတယ်။ သူတို့တွေ ထိသွားတဲ့အချိန် အရှေ့နား မလှမ်းမကမ်းမှာ နောက် ၁ လုံး ထပ်ကွဲတာ။ ဆိုင်ကယ်နဲ့ တယောက်ထဲ မောင်းလာတဲ့ အမျိုးသမီးကတော့ နေရာမှာပဲ ဆုံးတယ်။ ကုန်ကားပေါ်က နှစ်ယောက်ကတော့ ဒဏ်ရာရတယ်" လို့ ပြောပါတယ်။
သေဆုံးသူဟာ မအူကျေးရွာအုပ်စုထဲက အသက် ၂၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ကုန်တင်ကားမောင်းသူနဲ့ယာဉ်နောက်လိုက်တို့ကို မုံရွာဆေးရုံကို ပို့ဆောင်ကုသထားရတယ်လို့ ဆိုပါတယ်။
မတ်လ ၂၈ ရက်မနက်ပိုင်းကလည်း ရွှေဘိုမြို့ ကားကြီးဝန်းအနီးမှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားလို့ လူ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံပို့ဆောင်ကုသစဉ်မှာ သေဆုံးမှုတွေလည်းရှိတယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
Share
Share
Share