မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်းပြုပြင်ရေးမှာ ဝန်ထမ်းတွေ မပါဝင်ကြဖို့ PDF သတိပေး

မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်းပြုပြင်ရေးမှာ ဝန်ထမ်းတွေ မပါဝင်ကြဖို့ PDF သတိပေး

မန္တလေး - မြစ်ကြီးနားမီးရထားလမ်းပိုင်းကို စစ်ကောင်စီကပြုပြင်ဖို့ကြိုးပမ်းနေရာတွင် မီးရထားပြင်ထိန်း Non-CDM ဝန်ထမ်းတွေအနေနဲ့ ပူးပေါင်းပါဝင်တာမျိုး မလုပ်ကြဖို့ မန္တလေး -မြစ်ကြီးနား မီးရထားလမ်းပိုင်းအတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက မန္တလေး - မြစ်ကြီးနားမီးရထားလမ်းကို ရိက္ခာလက်နက်ထောက်ပို့ရေးအတွက် အသုံးပြုဖို့ အပူတပြင်းကြိုးစားပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အခုအခါမှာ စစ်ကိုင်း၊ ရွာထောင်ဘူတာကနေ စပြီး ရထားလမ်းပိုင်းကို စတင်ပြုပြင်နေတာမှာ မီးရထားဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်တာမျိုးမလုပ်ဖို့ကို တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာြဖစ်ပါတယ်။

ပဒူရဲစခန်းမှာ တပ်စွဲထားတဲ့စစ်အုပ်စုက သြဂုတ်လ ၁၅ ရက်မှာ ခက်ခရွာအနီးက ရထားလမ်းကိုလည်း လာရောက် ပြုပြင်ခဲ့ပြီး ကျေးရွာကိုပါ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦးထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီနောက် အနောက်မြောက်ဘက်က စမွန်းရွာကို ပါဝင်ရောက်ခဲ့ပြီး သြဂုတ်လ ၁၆ ရက် မနေ့ညနေပိုင်းက ပဒူရဲစခန်းကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

"မနေ့ထိုးနေတဲ့စစ်ကြောင်းတွေက ဒီရထားလမ်းကိုလာပြင်ကြတာပါ။ ရွာထောင်ဘူတာနားကတော့ ဇူလိုင်ကတည်းက ပြင်ပြီးသွားပြီလို့ သိရတယ်။ စစ်တပ်ကလုံခြုံရေးပေးပြီး လိုက်ပြင်နေတာ" လို့ စစ်ကိုင်းမြို့နယ် တော်လှန်ရေးအင်အားစုမှ ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းအတွက် မီးရထားလမ်းကိုအသုံးပြုဖို့ ကြိုးစားလာတာကြောင့် ဝက်လက် - ရွှေဘိုကြားက မီးရထားလမ်းပန်းဆက်သွယ်ရေးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ဇူလိုင်လ ၂၆ ရက်ကလည်း စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာကနေ စစ်ကိုင်းမြို့နယ်၊ စာရေးဘူတာအထိ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကို ရိက္ခာပို့ချင်တဲ့စစ်ကောင်စီတပ်တွေဟာ ကားလမ်းတွေကို အသုံးပြုတဲ့အချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာခံရပြီးတဲ့နောက် ထောက်ပို့လမ်းကြောင်း ခက်ခဲလာပြီး ဒီရထားလမ်းကို အသုံးပြုဖို့ကြိုးစားလာတာပါ။

ဒီရထားလမ်းကိုအသုံးပြုဖို့အတွက် ဇူလိုင်လ ၁၂ ရက်ကစပြီး ဝက်လက်နယ်ကနေ စစ်ကိုင်းနယ်အထိ ရထားလမ်းအတိုင်း စစ်တပ်ကစစ်ကြောင်းထိုးခဲ့ကာ သာလိုင်းရွာက အမျိုးသားတဦးနဲ့ သုံးဆင့်ကန်ရွာက အမျိုးသားတဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် ပေါက်ကန်ရွာ၊ သုံးဆင့်ကန်ရွာ၊ ထန်းကြီးရွာနဲ့ ခက်ခရွာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပုံစာ - တော်လှန်ရေးတပ်ဖွဲ့တွေ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားသည့် မီးရထားလမ်းပိုင်း။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ရွာထောင် #မီးရထား #မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပိုင်း #စစ်ကောင်စီ #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10