မဘိမ်းမြို့ကို တော်လှန်ရေးတပ်တွေဆက်ထိန်းချုပ် ထွက်ပြေးတဲ့ စကစတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၁ ရက်က သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေကာ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးရမိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကတဆင့် သိရပါတယ်။

မဘိမ်းမြို့စောင့်တပ် ခလရ ၂၂၃ ကို သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၄၀ ကျော်ကို တော်လှန်ရေးအင်အားစုတွေဘက်က ဆက်တိုက်ဆိုသလို လိုက်လံဖမ်းဆီးခဲ့ရာ ဇန်နဝါရီလ ၂၅နဲ့ ၂၆ တွေမှာ စစ်ကောင်စီတပ်သားတချို့ကို ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ရင်းနဲ့ ထွက်ပြေးတဲ့သူတွေရော သိမ်းပြီးနောက်ပိုင်းမှ ထွက်ပြေးတဲ့သူတွေရော လိုက်ဖမ်းနေတယ်။ လိုက်ဖမ်းရင်း ထိတွေ့မှုဖြစ်တဲ့ ပုံစံမျိုးဖြစ်တာတွေရှိတယ်။ ထပ်မံဖမ်းဆီးရမိထားတာတွေ ရှိပါတယ်၊ အသေးစိတ်အခြေအနေတွေတော့ ပြောဖို့အဆင်မပြေသေးတာပါ ” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ချအညံ့ခံတာတွေ၊ ထိခိုက်သေဆုံးတာတွေ၊ လက်နက်ခဲယမ်းသိမ်းဆည်းရမိတာတွေနဲ့ နယ်မြေရှင်းလင်းဆောင်ရွက်မှုအတွင်း ထွက်ပြေးတဲ့စစ်ကောင်စီတပ်သားတွေကို ထပ်မံဖမ်းဆီးရရှိခဲ့တဲ့ အခြေအနေအသေးစိတ်တွေကို KIA တပ်က ဆက်လက်ထုတ်ပြန်ပေးမယ်လို့ သူက ဆိုပါတယ်။

မဘိမ်းမြို့မှာ အဓိက တပ်စခန်းအနေနဲ့ မဘိမ်းရဲစခန်းနဲ့  မြို့စောင့်တပ် ခလရ ၂၂၃ စခန်း ၂ခုသာရှိပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ခလရ ၂၂၃ တပ်ကို စတင်တိုက်ခိုက်ပြီးမှ ရဲစခန်းကို ခက်ခက်ခဲခဲသိမ်းနိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းနဲ့ မြို့ကိုသိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေတဲ့ကာလအတွင်းတွေမှာ စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ရာနဲ့ချီတဲ့ဗုံးသီးတွေ ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

မဘိမ်းမြို့ဟာ စစ်ကိုင်းတိုင်း၊ ကသာခရိုင်နဲ့ နယ်မြေချင်းထိစပ်နေကာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းတို့နဲ့လည်း နယ်နိမိတ်ချင်းထိစပ်နေတာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲကို KIA ၊ KPDF ၊ ABSDF ၊ AA ၊ PDF၊ ပကဖနဲ့ နယ်မြေခံအဖွဲ့အစည်းတွေ စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မဘိမ်း #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီတပ်သား #ဖမ်းဆီးရမိ #လေကြောင်းတိုက်ခိုက် #KIA #ABSDF #KPDF #AA #PDF #ပကဖ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10