မလယ်ရွာတိုက်ပွဲ နှစ်ဖက်တပ်ဖွဲ့သေဆုံးမှုရှိ၊ အရပ်သား ၁ ဦးလည်းသေဆုံးကာ ၁၇ ဦးဒဏ်ရာရ

မလယ်ရွာတိုက်ပွဲ နှစ်ဖက်တပ်ဖွဲ့သေဆုံးမှုရှိ၊ အရပ်သား ၁ ဦးလည်းသေဆုံးကာ ၁၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်ရွာစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက် သေဆုံးမှုရှိသလို ပြည်သူ ၁ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရတယ်လို့ မြေပြင်တိုက်ခိုက်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

အင်အား ၁၀၀ ကျော်ရှိ မလယ်ရွာစစ်ကောင်စီတပ်စခန်းကို မေ ၇ ရက် မနေ့မနက် ၄ နာရီခန့်မှာ ကန့်ဘလူခရိုင် PDF တပ်ရင်းတွေနဲ့ ပူးပေါင်းအဖွဲ့တွေဘက်ကဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မနက် ၈ နာရီခန့်ကစတင်ကာ စစ်တပ်က အကြိမ် ၅၀ကျော် လေကြောင်းဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တာလို့ ဆိုပါတယ်။

" ထိခိုက်သေဆုံးအခြေနေကတော့ စကစဘက်ကကော ကျနော်တို့ဘက်ကကောရှိတယ်။ ကြားထဲမှာက စကစဘက်က လေယာဥ်နဲ့ဗုံးကြဲလို့ ပြည်သူတွေထွက်ပြေးနေချိန် ဗုံးစမှန်ပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့တာ"လို့ မြေပြင်တိုက်ခိုက်ရေးပါဝင်သူ ရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၃ ဦးသေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိခဲ့ကာ စစ်တပ်လေယာဉ်ဗုံးကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးပြီး ကလေးတွေအပါအဝင် ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လေယာဥ်ဗုံးဒဏ်ကြောင့် မလယ်ကျေးရွာက ဒေသခံနေအိမ်ဆယ်ချီမီးလောင်ပျက်စီးတာတွေရှိနေပြီး မီးလောင်ပျက်စီးမှုအခြေနေကိုတော့ စစ်ကြောင်းတွေဝင်လာနေလို့  အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။

လတ်တလောမှာတော့ တိုက်ပွဲထပ်မံဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီဘက်က စစ်ကူလာနေလို့ နှစ်ဖက်စစ်ရေးအခြေအနေတွေတင်းမာနေပြီး တိုက်ပွဲကြောင့် မလယ်၊ မြေမှုန်၊ ကံပြား၊ ပဇီကြီး၊ ပဇီလေး၊ ရွှေဘိုချောင်အပါအဝင်ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ၄၀၀၀ နီးပါးထွက်ပြေးနေရပါတယ်။

ပုံစာ - ကန့်ဘလူခရိုင် PDF တပ်ဖွဲ့ဝင်များအား ရှေ့တန်းတနေရာတွင်တွေ့ရစဉ်။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ကန့်ဘလူ #မလယ်ရွာ #တိုက်ပွဲ #နှစ်ဖက်တပ်ဖွဲ့ #အရပ်သား #သေဆုံးမှု #စစ်ဘေးရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10