မလယ်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ဦးနဲ့ PDF ၁၀ ဦးသေဆုံးပြီး စစ်ရေအခြေအနေတင်းမာနေဆဲ

မလယ်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ဦးနဲ့ PDF ၁၀ ဦးသေဆုံးပြီး စစ်ရေအခြေအနေတင်းမာနေဆဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်ရွာစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်တပ်သား ၆ ဦးသေဆုံးပြီး ဒေသခံတော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ၁၀ ဦးသေတယ်လို့ မေ ၁၁ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မေ ၇ ရက်မနက် ၅ နာရီခန့်မှာ အင်အား ၁၀၀ ကျော်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းကို အမှတ်(၁)စစ်ဒေသ၊ ကန့်ဘလူခရိုင်ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ကန့်ဘလူခရိုင် တပ်ရင်း (၂၊၃)၊ ရွှေဘိုခရိုင် တပ်ရင်း (၃)၊ အမှတ် (၅၁၀) တပ်ရင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ 

တိုက်ပွဲအတွင်း ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ စစ်ကောင်စီအင်အား ၇၀ လောက်ကလည်း ကျောက်လုံးကြီးရွာကို ရေလမ်းကနေလာပြီး စစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲဖြစ်ချိန် ၆ နာရီကျော်အကြာမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ၁၀ ဦးသေဆုံးကာ စစ်ကောင်စီတပ်သားတွေကိုင်ဆောင်တဲ့ သေနတ် ၁၃ လက်အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်နေချိန် တတက ၁၃ မှ လက်နက်ကြီး အကြိမ် ၆၀ ကျော်၊ ပြင်ဦးလွင် (အနီးစခန်း) မှ Mi-35 ၁ စီးနဲ့ လေကြောင်းပစ်ခတ်မှု ၁၀ ကြိမ်၊ တံတားဦးလေတပ်မှ Jet Fighter ၁ စီးနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး Y-12 နဲ့ပါ ဗုံးအလုံး ၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာ မလယ်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းတွေပြန်ဝင်လာပြီး တပ်စွဲနေကာ  စစ်ရေးအခြေအနေလည်း တင်းမာနေသေးတယ်လို့ မလယ်တိုက်နယ် PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

"လက်ရှိမှာ တိုက်ပွဲကငြိမ်နေပေမယ့် နှစ်ဖက်စစ်ရေးတင်းမာမှု အခြေနေတွေကတော့ရှိနေသေးတယ်။ စစ်ကြောင်းတွေလည်း ရှိနေသေးတယ်။ ရွာသားတွေလည်း ရွာမပြန်ရဲကြသေးဘူး"လို့ မလယ်တိုက်နယ် PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း လေယာဥ်ဗုံးဒဏ်ကြောင့် မလယ်ကျေးရွာက ဒေသခံနေအိမ် ဆယ်နဲ့ချီ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသေးတာကြောင့် မလယ်၊ မြေမှုန်၊ ကံပြား၊ ပဇီကြီး၊ ပဇီလေး၊ ရွှေဘိုချောင် အပါအဝင်ကျေးရွာပေါင်း ၁၀ ရွာလောက်က ထွက်ပြေးနေရတဲ့ ဒေသခံ ၄၀၀၀ နီးပါးလည်း နေရပ်ကိုမပြန်ကြရသေးဘူးလို့ သိရပါတယ်။ 

ဖေဖော်ဝါရီ ၇ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာရှိ စစ်ကောင်စီနဲ့ပျူစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှ ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲ ၄ ရက်ဆက်ဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #မလယ်ကျေးရွာ #စစ်ကောင်စီ #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10