မလှိုင်မှာဆက်ကြေးကောက်နေတဲ့ ရဲ ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး

မလှိုင်မှာဆက်ကြေးကောက်နေတဲ့ ရဲ ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ လက်စွေ့ရွာမှာ ဂိတ်ဖွင့်ဆက်ကြေးကောက်နေတဲ့ ရဲ ၂ ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ Natogyi People Defence Force တပ်ဖွဲ့ဆီက သိရပါတယ်။ 

ပစ်ခတ်ခံရတဲ့ရဲ ၂ ဦးအပါအဝင် မနောကန်ရွာရဲစခန်းကရဲတပ်သားတွေဟာ လက်စွေ့ရွာအနီးမှာ ကင်းပုန်းဝပ်ပြီးမှ ဂိတ်ဖွင့်ဆက်ကြေးကောက်တာတွေလုပ်တာကြောင့် သူတို့ကို မတ် ၁၂ ရက်နေ့လယ် ၁၁ နာရီခွဲဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောက်ကျားနည်းနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“မလှိုင်မြို့နယ် မနောကန်ရဲစခန်းက ကောင်တွေပါ၊ အဲ့ဒီဂိတ်က ကြာလှပြီ၊ ဘယ်သူမှမလုပ်နိုင်ဘူး၊ ဂိတ်ရဲ့ဘေးဘက်မှာ ကင်းပုန်းတွေချပြီး ၂ ကောင်လောက်ကထွက်ထွက်ပြီး ဆက်ကြေးကောက်တာ၊ ဂိတ်မှာက အင်အားအကုန်မနေဘူး၊ ရှိတဲ့အင်အားကို ကင်းပုန်းအနေနဲ့ဖြန့်ထားတာ၊ ၂ ဦးလုံးအနားမှာပဲ ပွဲချင်းပြီးသေတယ်၊” လို့ Natogyi Defence Force ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

သေဆုံးခဲ့တဲ့ရဲ ၂ ဦးအလောင်းကို ပစ်ခတ်တဲ့နေရာမှာတင်ထားခဲ့ပြီး သူတို့ကိုင်ဆောင်တဲ့ G3 သေနက် ၁ လက်နဲ့ MA 13 သေနက် ၁ လက်ကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

 

ပစ်ခတ်ပြီးနောက်ပိုင်း ကင်းပုန်းဝတ်နေတဲ့ ရဲတွေဘက်က သေနက်ပစ်ဖောက်တာတွေလုပ်ခဲ့တယ်လို့လည်း အထက်ပါတာဝန်ရှိသူကပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၉ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းကထွက်လာတဲ့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅၊ ခလရ ၂၅၃၊ တံတားဦးလေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၂၀၀ ခန့်ပါတဲ့ ခြေလျင်စစ်ကြောင်းကို ကျားတွင်းဘိုးကျေးရွာအနီးမှာ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုတွေရှိပြီး အရာရှိ ၂ ဦးအပါ ၁၄ ဦး အရှင်ဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မလှိုင် #ရဲ #ပစ်ခတ်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10